close

ဂျပန်မှတ်တမ်းရုပ်ရှင်ဒါရိုက်တာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ် ထပ်ချ

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာကို ဒီကနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ လဝကဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးက ဒီကနေ့ နေ့လယ်ပိုင်းမှာ မစ္စတာ တိုရူကူဘိုတာကို လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာလို့ ဆိုပါတယ်။

“ဒီနေ့ အထူးတရားရုံးက အမိန့်ချလိုက်တာ ၃ နှစ်၊ အရင်ကချထားတဲ့ ထောင်ဒဏ်နဲ့ဆို အားလုံးပေါင်း ၁၀ နှစ် ကျခံရမှာပါ။”

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရူကူဘိုတာကို ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်က အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃(က) နဲ့ တ‌ေပါင်းတည်းထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါသေးတယ်။

ဒီကနေ့ အမိန့်ချခံထားရတဲ့ မစ္စတာ တိုရူကူဘိုတာဟာ တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊ မြိတ်လမ်းမှာ ဇူလိုင် ၃၀ ရက်က ပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ လူငယ်နှစ်ယောက်နဲ့အတူ စစ်ကောင်စီတပ်တွေက ရိုက်နှက်ဖမ်းဆီးပြီးနောက် အင်းစိန်အကျဥ်းထောင်ကို ပို့ဆောင်ကာ သြဂုတ် ၃၀ ရက်နေ့မှာ ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃(က) နဲ့ လဝကအက်ဥပဒေပုဒ်မ ၁၃(၁) ဗီဇာ စည်းကမ်းဖောက်ဖျက်မှုတွေနဲ့ စစ်ကောင်စီက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ တိုရူကူဘိုတာကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို ဂျပန်အစိုးရဘက်ကရော ဂျပန်ပြည်သူတွေကပါ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up