ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခမရ ၄၂၄ တပ်ရင်းကနေ အာဏာဖီဆန် CDM ပြုလုပ်လာတဲ့ တပ်ကြပ်တယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ထံ ဝင်ရောက်လာတယ်လို့ KNDF တပ်ရင်း-၁၂ က ဒီဇင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
တပ်ကြပ် ခွန်ပေဒိဟာ စစ်ကောင်စီတပ်ရဲ့ ပြည်သူတွေအပေါ် မတရားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေတာကြောင့် ဒီဇင်ဘာ ၁၉ ရက်က G3 အမျိုးအစား သေနတ် ၁ လက်နဲ့အတူ CDM ပြုလုပ်လာတာဖြစ်ပြီး CDM တပ်သားကို KNDF တပ်ရင်း-၁၂ က ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်ကလည်း လွိုင်ကော်အခြေစိုက်တပ် ဆေးတပ် တဆရတပ်မှ တပ်သား မောင်ငြိမ်းချမ်း (ခ) ဖိုးလပြည့် ကိုယ်ပိုင်အမှတ် တ-၅၅၉၉၃၅ ဟာ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) ထံ ခိုလှုံခွင့်တောင်းကာ CDM ပြုလုပ်ခဲ့ပါသေးတယ်။
စစ်ကောင်စီသားတွေအနေနဲ့ ပြည်သူ့တပ်ဖွဲ့တွေထံ ခိုလှုံတာဟာ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် ထိရောက်မှုရှိတဲ့ အထောက်အကူဖြစ်တာကြောင့် ပြည်သူဘက် မျက်နှာမူကာ အမှန်တရားဘက် ကူးပြောင်းလာပါက နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ KTV တခုမှာ စစ်ကောင်စီတပ်ကြပ်တယောက်နဲ့ Non CDM ဝန်ထမ်း နှစ်ယောက်တို့ကို ကလေး PDF တပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၀ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ တပ်ကြပ်မင်းဇော်ဦး၊ ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ်က မန်နေဂျာ ထွန်းထွန်းနိုင်နဲ့ အငယ်တန်းစာရေး ငြိမ်းခန့်ဇော်တို့ သုံးယောက်ဟာ ကလေးမြို့သဇင်ရပ်ကွက်ရှိ BMB-KTVမှာ ရောက်ရှိနေတယ်လို့ တာဝန်သိပြည်သူတွေက သတင်းပေးပို့တာကြောင့် PDF တပ်ဖွဲ့က သွားရောက် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူ သုံးယောက်ကို ထိန်းချုပ်နယ်မြေကို ပြန်လည်ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးက ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ကလေးပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"ဖမ်းဆီးခံရတာက သုံးယောက်ပါ။ တပ်ကြပ်မင်းဇော်ဦးက ပြန်လည်ခုခံပြီးထွက်ပြေးဖို့ ပြုလုပ်တာကြောင့် ပစ်သတ်လိုက်ရတာပါ။ လက်ရှိမှာတော့ ကျနော်တို့တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခံရတဲ့ နှစ်ယောက်ကိုစစ်ဆေးမေးမြန်းနေတယ်။ ရိုက်နှက်စစ်ဆေးတာမျိုးတော့မပြုလုပ်ပါဘူး။ စစ်ဆေးမေးမြန်းတဲ့အခြေအနေကိုတော့ မပြောပြတော့ပါဘူး။ စစ်ရေးသဘောအခြေအနေရမို့ပါ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်ခံပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်နဲ့အညီစစ်ဆေး ဆောင်ရွက်ပါတယ်။ ဖမ်းဆီးခံရသူနှစ်ယောက်ကိုလည်း လူ့အခွင့်အရေးနဲ့အညီ ကျွေးမွေးစောင့်ရှောက် ထိန်းသိမ်းထားပါတယ်။ တရားစွဲဖို့လည်း ပြင်ဆင်ထားပါတယ်။"
ကျန်တဲ့ဖမ်းဆီးရမိသူ နှစ်ယောက်ကိုတော့ ကလေးမြို့နယ် တရားသူကြီးအဖွဲ့ထံမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲနိုင်စေရေး ဆောင်ရွက်ထားကာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့အညီ ကောင်းမွန်စွာထားရှိတယ်လို့ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဟာ ထောင်ဒဏ် ၁၀ နှစ်အထက်ချမှတ်နိုင်တဲ့ ဥပဒေပုဒ်မဖြစ်တယ်လို့သိရပြီး ကလေးပြည်သူ့ရဲတပ်ဖွဲ့ဟာ ဒေသတွင်း CDM ပြုလုပ်ထားတဲ့ ရဲတပ်သားတွေ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။
BMB KTV ဖြစ်စဉ်အပြီး ကလေးမြို့က KTV တွေကို စစ်ကောင်စီတပ်တွေက ပိတ်ခိုင်းနေလို့ ဆိုင်မပိတ်ဘဲဆက်ဖွင့်ခွင့်ရရှိဖို့ ကလေးမြို့ KTVပိုင်ရှင်တွေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က တာဝန်ရှိ စစ်ဗိုလ်တွေထံ သွားရောက် ညှိနှိုင်း ဆောင်ရွက်နေကြပါတယ်။