close

ကလေးမြို့ KTV တွင် စစ်ကောင်စီတပ်ကြပ်အပါအဝင် ၃ ဦးကို PDF ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ KTV တခုမှာ  စစ်ကောင်စီတပ်ကြပ်တယောက်နဲ့  Non CDM ဝန်ထမ်း နှစ်ယောက်တို့ကို ကလေး PDF တပ်ဖွဲ့ဝင်တွေက  ဒီဇင်ဘာ ၁၀ ရက်မှာ  ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ တပ်ကြပ်မင်းဇော်ဦး၊ ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ်က မန်နေဂျာ ထွန်းထွန်းနိုင်နဲ့ အငယ်တန်းစာရေး ငြိမ်းခန့်ဇော်တို့ သုံးယောက်ဟာ ကလေးမြို့သဇင်ရပ်ကွက်ရှိ BMB-KTVမှာ ရောက်ရှိနေတယ်လို့ တာဝန်သိပြည်သူတွေက သတင်းပေးပို့တာကြောင့် PDF တပ်ဖွဲ့က သွားရောက် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူ သုံးယောက်ကို ထိန်းချုပ်နယ်မြေကို ပြန်လည်ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးက ပြန်လည်ခုခံထွက်ပြေးတာကြောင့် အသေပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ကလေးပြည်သူ့ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ဖမ်း‌ဆီးခံရတာက သုံးယောက်ပါ။ တပ်ကြပ်မင်းဇော်ဦးက ပြန်လည်ခုခံပြီးထွက်ပြေးဖို့ ပြုလုပ်တာ‌ကြောင့် ပစ်သတ်လိုက်ရတာပါ။ လက်ရှိမှာတော့ ကျနော်တို့တပ်ဖွဲ့အနေနဲ့ ဖမ်းဆီးခံရတဲ့ နှစ်ယောက်ကိုစစ်ဆေးမေးမြန်းနေတယ်။ ရိုက်နှက်စစ်ဆေးတာမျိုးတော့မပြုလုပ်ပါဘူး။ စစ်ဆေးမေးမြန်းတဲ့အခြေအနေကိုတော့ မပြောပြတော့ပါဘူး။ စစ်ရေးသဘောအခြေအနေရမို့ပါ။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်အောက်ခံပြည်သူ့ရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်နဲ့အညီစစ်ဆေး ဆောင်ရွက်ပါတယ်။ ဖမ်းဆီးခံရသူနှစ်ယောက်ကိုလည်း ‌လူ့အခွင့်အရေးနဲ့အညီ ကျွေးမွေးစောင့်ရှောက် ထိန်းသိမ်းထားပါတယ်။ တရားစွဲဖို့လည်း ပြင်ဆင်ထားပါတယ်။"

ကျန်တဲ့ဖမ်းဆီးရမိသူ နှစ်ယောက်ကိုတော့ ကလေးမြို့နယ် တရားသူကြီးအဖွဲ့ထံမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲနိုင်စေရေး ဆောင်ရွက်ထားကာ နိုင်ငံတကာလူ့အခွင့်အရေး စံချိန်စံနှုန်းနဲ့အညီ ကောင်းမွန်စွာထားရှိတယ်လို့ ကလေးပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဟာ ထောင်ဒဏ် ၁၀ နှစ်အထက်ချမှတ်နိုင်တဲ့ ဥပ‌ဒေပုဒ်မဖြစ်တယ်လို့သိရပြီး ကလေးပြည်သူ့ရဲတပ်ဖွဲ့ဟာ ဒေသတွင်း CDM ပြုလုပ်ထားတဲ့ ရဲတပ်သားတွေ ပါဝင်ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ပါတယ်။

BMB KTV ဖြစ်စဉ်အပြီး ကလေးမြို့က KTV တွေကို စစ်‌ကောင်စီတပ်တွေက ပိတ်ခိုင်းနေလို့ ဆိုင်မပိတ်ဘဲဆက်ဖွင့်ခွင့်ရရှိဖို့  ကလေးမြို့ KTVပိုင်ရှင်တွေက ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က တာဝန်ရှိ စစ်ဗိုလ်တွေထံ သွားရောက် ညှိနှိုင်း ဆောင်ရွက်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up