ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်ထောက်လှမ်းရေးဗိုလ်ကြီးတယောက်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA)တပ်ဖွဲ့ဝင် ၉ ယောက်ကို ဒေသခံ မြေအောက်တော်လှန်ရေး UG အဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
မိုးကောင်းမြို့မှာ ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့ ၉ ယောက်အဖွဲ့ကို ဖမ်းဆီးရမိပြီး ဖော်ထုတ်ချက်အရ တပ်မ ၄၇ တပ်ရင်းက ကွန်မန်ဒိုထောက်လှန်ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“လဂေါင်ကျေးရွာ အနောက်ဘက်မှာ ဟန်ပြအခင်းလုပ်ထားတယ်ဗျ။ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့ သူ့အဖွဲ့ ၉ ယောက်ရဲ့ ဝန်ခံချက်အရ အခင်းဟန်ပြလုပ်နေပြီး ကျနော်တို့ တော်လှန်အဖွဲ့တွေကို ပိတ်ပင်အနှောင့်အယှက်ပေးဖို့ အထက်ကလူကြီးတွေ ညွှန်ကြားတာလို့ပြောတယ်။ အဲ့အခင်းကို KIA ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ကျော်စိုး (ခ) မင်းမင်းလှိုင်တို့ ပိုင်တယ်လို့ သိရတယ်ဗျ။ ဒူကမ္ဘာလဇွန်နော်ရှိန်နဲ့ SNA ခေါင်းဆောင် ဘယ်လိုပတ်သက်မှုရှိလဲဆိုတာ မသိရဘူးဗျ။ ကျန်ရှိတဲ့ သူတို့နဲ့ပတ်သက်နေတဲ့ အဖွဲ့ဝင်တွေက မဟုတ်မမှန် စွပ်စွဲပြောဆိုနေတယ်ဆိုတာလည်း သိရတယ်ဗျ။”
မိုးကောင်းမြို့နယ်၊ အလယ်ရပ် ရပ်ကွက်နေ SNA ခေါင်းဆောင်လို့ ဝန်ခံထားသူ ကျော်စိုး (ခ) မင်းမင်းလှိုင် ဆိုသူနဲ့ လဂေါင်ကျေးရွာအနီး ဟန်ပြအခင်းလုပ်ဆောင်နေတဲ့ SNA အဖွဲ့အစည်းတချို့နဲ့ ထောက်လှမ်းရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်တို့ကို ဆက်လက် ဖမ်းဆီး စစ်ဆေးမေးမြန်းနေတယ်လို့ မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ UG BLACK K အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
ဗင်နီဇွဲလားစစ်တပ်ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း ဟူဂိုကာဗာဂျာလ်ကို ဖမ်းဆီးလိုက်တယ်လို့ စပိန်ရဲတပ်ဖွဲ့က စက်တင်ဘာ ၉ ရက်က ပြောပါတယ်။
ဟူဂိုကာဗာဂျာလ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က စပိန်တရားရုံးကနေ အမေရိကန်ပြည်ထောင်စုကို တရားခံလွှဲပြောင်းရေး အတည်ပြုမိန့်ချပြီးကတည်းက ပုန်းအောင်းနေ ခဲ့တာပါ။
တရားစီရင်မှုကနေ ထွက်ပြေးနေတဲ့ El Pollo ခေါ် ဟူဂိုကာဗာဂျာလ်ကို ဒီညမှာပဲ ဖမ်းမိထားပြီး အမေရိကန်ကို တရားခံလွှဲပြောင်းရေး ဆန္ဒရှိပါတယ်လို့ စပိန်ရဲတပ်ဖွဲ့က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
ရဲတွေက ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့ပေမဲ့ သူ့ကို လုံးဝ တသီးတခြား ထား ထားတယ်လို့ ဆိုပါတယ်။
ဟူဂိုကာဗာဂျာလ်ကို စက်တင်ဘာ ၁၀ ရက်မှာ စပိန်တရားရုံးချုပ်မှာ စစ်ဆေးကြားနာဖို့ ရှိတယ်လို့ စပိန်နိုင်ငံရှိ ကာဗာဂျာလ်ရဲ့ရှေ့နေ မာရီယာ ဒိုလိုရက်စ် အာဂွယ်လက်စ်က ပြောပါတယ်။
ကွယ်လွန်သူ ဗင်နီဇွဲလားခေါင်းဆောင် ဟူဂိုရှာဗက်ဇ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ကာဗာဂျာလ်ကို အမေရိကန်အရာရှိတွေ ရှာဖွေနေတာ ကြာနေပါပြီ။
ကာဗာဂျာလ်သာ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရင် သူဟာ ဗင်နီဇွဲလားသမ္မတ နိကိုလပ်စ်မာဒူရိုနဲ့ သူ့အပေါင်းအပါတွေရဲ့ မူးယစ်ဆေးဝါးလုပ်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို တပြုံကြီး ပေးနိုင်လိမ့်မယ်လို့ အမေရိကန်တွေက ယူဆနေကြပါတယ်။