ဗင်နီဇွဲလားစစ်ထောက်လှမ်းရေးခေါင်းဆောင်ဟောင်းကို စပိန်ရဲ ဖမ်းဆီး

ဗင်နီဇွဲလားစစ်တပ်ထောက်လှမ်းရေးဌာန အကြီးအကဲဟောင်း ဟူဂိုကာဗာဂျာလ်ကို ဖမ်းဆီးလိုက်တယ်လို့ စပိန်ရဲတပ်ဖွဲ့က စက်တင်ဘာ ၉ ရက်က ပြောပါတယ်။
ဟူဂိုကာဗာဂျာလ်ဟာ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးလောက်က စပိန်တရားရုံးကနေ အမေရိကန်ပြည်ထောင်စုကို တရားခံလွှဲပြောင်းရေး အတည်ပြုမိန့်ချပြီးကတည်းက ပုန်းအောင်းနေ ခဲ့တာပါ။
တရားစီရင်မှုကနေ ထွက်ပြေးနေတဲ့ El Pollo ခေါ် ဟူဂိုကာဗာဂျာလ်ကို ဒီညမှာပဲ ဖမ်းမိထားပြီး အမေရိကန်ကို တရားခံလွှဲပြောင်းရေး ဆန္ဒရှိပါတယ်လို့ စပိန်ရဲတပ်ဖွဲ့က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
ရဲတွေက ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့ပေမဲ့ သူ့ကို လုံးဝ တသီးတခြား ထား ထားတယ်လို့ ဆိုပါတယ်။
ဟူဂိုကာဗာဂျာလ်ကို စက်တင်ဘာ ၁၀ ရက်မှာ စပိန်တရားရုံးချုပ်မှာ စစ်ဆေးကြားနာဖို့ ရှိတယ်လို့ စပိန်နိုင်ငံရှိ ကာဗာဂျာလ်ရဲ့ရှေ့နေ မာရီယာ ဒိုလိုရက်စ် အာဂွယ်လက်စ်က ပြောပါတယ်။
ကွယ်လွန်သူ ဗင်နီဇွဲလားခေါင်းဆောင် ဟူဂိုရှာဗက်ဇ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ကာဗာဂျာလ်ကို အမေရိကန်အရာရှိတွေ ရှာဖွေနေတာ ကြာနေပါပြီ။
ကာဗာဂျာလ်သာ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရင် သူဟာ ဗင်နီဇွဲလားသမ္မတ နိကိုလပ်စ်မာဒူရိုနဲ့ သူ့အပေါင်းအပါတွေရဲ့ မူးယစ်ဆေးဝါးလုပ်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက် အလက်တွေကို တပြုံကြီး ပေးနိုင်လိမ့်မယ်လို့ အမေရိကန်တွေက ယူဆနေကြပါတယ်။