စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် စစ်ရှောင်ပြည်သူတွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဧပြီ ၅ ရက် ညနေ ၃ နာရီလောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘန့်ဘွေး-ထန်းဇင်တောပြင် (ဒေသခေါ် -မယ်စောတောတိုက်) မှာရှိတဲ့ ဘုန်းကြီးကျောင်းဝင်းအတွင်းကို ဒရုန်းယာဥ်နဲ့ ဗုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီဘုန်းကြီးကျောင်းဝင်းအတွင်းမှာ အနီးနားရှိ ကျေးရွာနေပြည်သူတွေ စစ်ဘေးရှောင်တည်းခိုနေကြတာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၁ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသွားသူဟာ အသက် ၅၀ ဝန်းကျင် ဦးစန်းယု ဆိုသူဖြစ်ပြီး ထန်းဇင်ကျေးရွာဇာတိဖြစ်ကာ မယ်စောတောတိုက်မှာ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဒရုန်းယာဥ်ဟာ အဲဒီဘုန်းတော်ကြီးကျောင်းဝင်းအပြင် ဘန့်ဘွေးရွာမတောပြင်ရှိ နေအိမ်တလုံးကိုလည်း ထပ်မံ ဗုံးကြဲခဲ့ပြီး ထိခိုက်မှုအခြေအနေကတော့ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမအတွင်းမှာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ယူဆရပြီး ဒီနေ့ မနက် ၄ နာရီလောက်ကလည်း အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့တွေက အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဒီနေ့မနက်ပိုင် ၁၀ နာရီလောက်မှာလည်း အောင်ဇေကွက်သစ်(ဒေသခေါ် ရွှေတောင်ဦးကုန်း) ကနေ ဘန့်ဘွေးရွာမကျေးရွာဘက်ကိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုလည်း PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ဘန့်ဘွေးရွာမကျေးရွာအတွင်းကို ဝင်ရောက်တပ်စွဲနေထိုင်တာ အချိန် ၁ လကျော်ရှိလာပြီဖြစ်သလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ပြည်သူတွေ တိမ်းရှောင်ထွက်ပြေးနေကြရပြီး စားဝတ်နေရေးအပြင် နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မတ် ၁၅ ရက် မနက်ပိုင်းက စစ်ရှောင်နေတဲ့ အပြစ်မဲ့ပြည်သူ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖ်မးဆီးပြီး ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူတွေဟာ ကွေ့ချောင်းကျေးရွာက ဦးသိန်းလင်းနဲ့ လက်ပန်ကျေးရွာက ဦးသိန်းနိုင် တို့ဖြစ်ပါတယ်။
ဦးသိန်းလင်းကို မုံရွာယာကြီး ကလေးဝလမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးက ချောင်းရိုးထဲမှာ ပစ်သတ်ခဲ့တာဖြစ်ပြီး ဦးသိန်းနိုင်ကိုတော့ လက်ပန်ရေကန်ရဲ့အထက်မှာ ဦးခေါင်းကိုပစ်ခတ်ခဲ့လို့ ဦးနှောက်တွေထွက်ကျသေဆုံးနေတာတွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂ ဦးလည်း ဖမ်းဆီးသွားခဲ့ပြီး လက်ပန်ဘုန်းကြီးကျောင်းအရောက်မှာ ကျောင်းထိုင်ဆရာတော်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လမ်းခုလပ်တစ်နေရာမှာတွေ့တဲ့ အမျိုးသား လူငယ် ၂ ဦးဖမ်း ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ် ၁၄ ရက် ညပိုင်းက အောင်ဇေယျကွက်သစ်(ဒေသခေါ် ရွှေတောင်ဦးကုန်း)မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီမနက် ၇ နာရီလောက်မှာ နဘူးတောကျေးရွာနဲ့ လက်ပန်ကျေးရွာကြားအရောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်
စစ်ကောင်စီတပ်ဖွဲ့ ချီတက်လာတာကြောင့် အနီးနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
မတ် ၁၄ ရက် ညပိုင်းက ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလို ဒီနေ့မနက် ဘန့်ဘွေးရွာမကျေးရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။