ယင်းမာပင်မြို့နယ်၌ စစ်ရှောင် ၂ ဦးကို စစ်တပ်က ပစ်သတ်၊ လူငယ် ၂ ဦးကို ဖမ်းဆီး

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ မတ် ၁၅ ရက် မနက်ပိုင်းက စစ်ရှောင်နေတဲ့ အပြစ်မဲ့ပြည်သူ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖ်မးဆီးပြီး ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူတွေဟာ ကွေ့ချောင်းကျေးရွာက ဦးသိန်းလင်းနဲ့ လက်ပန်ကျေးရွာက ဦးသိန်းနိုင် တို့ဖြစ်ပါတယ်။
ဦးသိန်းလင်းကို မုံရွာယာကြီး ကလေးဝလမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးက ချောင်းရိုးထဲမှာ ပစ်သတ်ခဲ့တာဖြစ်ပြီး ဦးသိန်းနိုင်ကိုတော့ လက်ပန်ရေကန်ရဲ့အထက်မှာ ဦးခေါင်းကိုပစ်ခတ်ခဲ့လို့ ဦးနှောက်တွေထွက်ကျသေဆုံးနေတာတွေ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီး ၁၂ ဦးနဲ့ အမျိုးသား ၂ ဦးလည်း ဖမ်းဆီးသွားခဲ့ပြီး လက်ပန်ဘုန်းကြီးကျောင်းအရောက်မှာ ကျောင်းထိုင်ဆရာတော်ရဲ့ မေတ္တာရပ်ခံချက်ကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လမ်းခုလပ်တစ်နေရာမှာတွေ့တဲ့ အမျိုးသား လူငယ် ၂ ဦးဖမ်း ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ မတ် ၁၄ ရက် ညပိုင်းက အောင်ဇေယျကွက်သစ်(ဒေသခေါ် ရွှေတောင်ဦးကုန်း)မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီမနက် ၇ နာရီလောက်မှာ နဘူးတောကျေးရွာနဲ့ လက်ပန်ကျေးရွာကြားအရောက်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်
စစ်ကောင်စီတပ်ဖွဲ့ ချီတက်လာတာကြောင့် အနီးနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေဟာလည်း အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
မတ် ၁၄ ရက် ညပိုင်းက ဘန့်ဘွေးရွာမကျေးရွာအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF အဖွဲ့တွေက တိုက်ခိုက်ခဲ့တာတွေရှိခဲ့သလို ဒီနေ့မနက် ဘန့်ဘွေးရွာမကျေးရွာဘက်ကို ချီတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုလည်း PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။