စစ်ကောင်စီတပ်သား ၅၇ ယောက်ကို ပစ်ချနိုင်ခဲ့တဲ့ PDF ရဲဘော်တယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးက ဇန်န၀ါရီ ၂၃ ရက်မှာ စနိုက်ပါ သေနတ်တလက် ဆုချီးမြင့်ခဲ့တယ်လို့ PDF တပ်ရင်း ၃၅၀၂ ကနေသိရပါတယ်။
PDF ၃၅၀၂ တပ်ရင်း တပ်ဖွဲ့ဝင် ကိုနွေဦးကို Ruger 338 အမျိုးအစား စနိုက်ပါသေနတ်တလက်နဲ့အတူ ကျည်ဆန် တတောင့်ကို ကျပ်တသိန်းလောက်တန်တဲ့ ကျည်ဆန်တွေပါ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
ဒေသခံ PDF ၃၅၀၂ တပ်ရင်းမှူးက “NUG ကာကွယ်ရေး၀န်ကြီး ဦးလွင်ကိုလတ်က ပေးတာ။ တကယ်လည်းတော်တယ်။ လူကတော့အေးဆေးပဲ နေတတ်တာ။ လက်လည်း အရမ်းငြိမ်တယ်။ သူလိုမျိုး စနိုက်ပါသမား ၃၇ ယောက် စာရင်းတင်တာ။ သူ တယောက်တည်းက စစ်ကောင်စီတပ်သား ပေါင်း ၅၇ ယောက်ကို ပစ်သတ်နိုင်ခဲ့တာ။သူရှိနေတဲ့အတွက် သူ့တပ်ကလည်း အရမ်းထောက်ပံ့ကြေးတွေရတာ။ သူ့ကြောင့် မျက်နှာပွင့်တာပေါ့။ အခု ဆုကို ၀န်ကြီးက တပ်ရင်းကို လှမ်းပို့လိုက်လို့ တပ်ရင်းက တပ်မှူးက ကိုယ်တိုင်ချီးမြှင့်တာ”လို့ ပြောပါတယ်။
လက်ဖြောင့်တပ်သား ကိုနွေဦးကို ၂၀၂၂ ခုနှစ် ဇူလိုင် ၁၄ ရက်ကလည်း KNDO အဖွဲ့က စနိုက်ပါ ပွိုင့်တူးတူးသေနတ်တလက် ဆုချီးမြှင့်ခဲ့ပါတယ်။
ရှမ်း-ကယားနယ်စပ်တနေရာမှာ အောက်တိုဘာ ၂၁ ရက်က စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ စနိုက်ပါရဲဘော် အယ်ဘီရဲ့ ဈာပနကို အလောင်းမပါဘဲ ကျင်းပခဲ့တယ်လို့ ၁၀၀၈ တပ်ရင်းက အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
မစ်ရှင်တခုသွားလုပ်ရင်း တောင်ကုန်းပေါ် တနေရာအရောက်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်အယ်ဘီ ကျဆုံးခဲ့ရသလို သူမြတ်နိုးတန်ဖိုးထားရတဲ့ စနိုက်ပါ သေနတ်ကိုလည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
၁၀၀၈ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူက “လက်နက်ကြီးတွေနဲ့ ပစ်နေလို့ လက်နက်ရော body ပါ ပြန်မကောက်ခဲ့ရပါဘူး။ ရဲဘော်အယ်ဘီက တော်လှန်ရေးပေါ်မှာ စိတ်ဓာတ် အတော်လေးပြင်းထန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ညီအရင်းဖြစ်သူ Monkey ကို ဆုံးရှုံးခဲ့ရသေးတယ်။ အဲဒီဆုံးရှုံးမှုအပေါ် အားအင်တခုအဖြစ်ပြောင်းပြီး သူကြိုးစားခဲ့တာပါ။ သူပါဝင်နွှဲခဲ့တဲ့ပွဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ တပ်ရင်းရဲ့ အားထားရတဲ့ လက်ဖြောင့်စနိုက်ပါတဦးဖြစ်လို့ ဆုံးရှုံးမှုကြီးတခုပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရဲဘော်အယ်ဘီ ကျဆုံးသွားတာနဲ့ပတ်သက်ပြီး သူ့ရဲ့ မိဘတွေကို အကြောင်းကြားဖို့ အတော်လေး တွန့်ဆုတ်ခဲ့ရကြောင်းနဲ့ သူ့ရဲ့ညီဖြစ်သူ ရဲဘော် monkey ကျဆုံးခဲ့တုန်းကလည်း အကြောင်းကြားရာ တပ်ရင်းတရင်းလုံး အတော်လေးခံစားရတယ်လို့ ဆိုပါတယ်။
အောက်တိုဘာလအတွင်း ၁၀၀၈ တပ်ရင်းအနေနဲ့ တိုက်ပွဲပေါင်း ၁၈ ပွဲကျော်အထိ ပါဝင်တိုက်ခိုက်ခဲ့ပြီး ကိုယ်ပိုင်မစ်ရှင်တွေကို အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့ ပြောပါတယ်။