close

ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ စနိုက်ပါရဲဘော် အယ်ဘီ၏ ဈာပန ကျင်းပ

ရှမ်း-ကယားနယ်စပ်တနေရာမှာ အောက်တိုဘာ ၂၁ ရက်က စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ရှမ်းတောင် ၁၀၀၈ တပ်ရင်းမှ စနိုက်ပါရဲဘော် အယ်ဘီရဲ့ ဈာပနကို အလောင်းမပါဘဲ ကျင်းပခဲ့တယ်လို့ ၁၀၀၈ တပ်ရင်းက အောက်တိုဘာ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

မစ်ရှင်တခုသွားလုပ်ရင်း တောင်ကုန်းပေါ် တနေရာအရောက်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲဘော်အယ်ဘီ ကျဆုံးခဲ့ရသလို သူမြတ်နိုးတန်ဖိုးထားရတဲ့ စနိုက်ပါ သေနတ်ကိုလည်း ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

၁၀၀၈ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူက “လက်နက်ကြီးတွေနဲ့ ပစ်နေလို့ လက်နက်ရော body ပါ ပြန်မကောက်ခဲ့ရပါဘူး။ ရဲဘော်အယ်ဘီက တော်လှန်ရေးပေါ်မှာ စိတ်ဓာတ် အတော်လေးပြင်းထန်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကလည်း ညီအရင်းဖြစ်သူ Monkey ကို ဆုံးရှုံးခဲ့ရသေးတယ်။ အဲဒီဆုံးရှုံးမှုအပေါ် အားအင်တခုအဖြစ်ပြောင်းပြီး သူကြိုးစားခဲ့တာပါ။ သူပါဝင်နွှဲခဲ့တဲ့ပွဲတွေလည်း အများကြီးရှိခဲ့ပါတယ်။ တပ်ရင်းရဲ့ အားထားရတဲ့ လက်ဖြောင့်စနိုက်ပါတဦးဖြစ်လို့ ဆုံးရှုံးမှုကြီးတခုပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရဲဘော်အယ်ဘီ ကျဆုံးသွားတာနဲ့ပတ်သက်ပြီး သူ့ရဲ့ မိဘတွေကို အကြောင်းကြားဖို့ အတော်လေး တွန့်ဆုတ်ခဲ့ရကြောင်းနဲ့ သူ့ရဲ့ညီဖြစ်သူ ရဲဘော် monkey ကျဆုံးခဲ့တုန်းကလည်း အကြောင်းကြားရာ တပ်ရင်းတရင်းလုံး အတော်လေးခံစားရတယ်လို့  ဆိုပါတယ်။

အောက်တိုဘာလအတွင်း ၁၀၀၈ တပ်ရင်းအနေနဲ့ တိုက်ပွဲပေါင်း ၁၈ ပွဲကျော်အထိ ပါဝင်တိုက်ခိုက်ခဲ့ပြီး ကိုယ်ပိုင်မစ်ရှင်တွေကို အကောင်းဆုံးဖန်တီးထားနိုင်တယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up