ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်က ဆိုင်ခန်းပေါင်း ၃,၀၀၀ ထောင်ရှိတဲ့ ဈေးဝယ်စင်တာမှာ ဧပြီ ၄ ရက်မနက်က မီးလောင်ခဲ့ပြီး ဆိုင်အများစု မီးလောင်ပြာကျသွားပေမဲ့လူသေဆုံးမှု မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံရဲ့ နာမည်ကျော် အဝတ်အထည် ဈေးကွက်တွေရှိရာ ဘန်ဂါဘဇားရဲ့ ကျဉ်းမြောင်းပြီး လူစည်ကားတဲ့နေရာမှာ မီးတွေ အလျင်အမြန်ပျံ့နှံ့လာပြီးနောက် စစ်တပ်ကို အကူအညီပေးဖို့ ခေါ်ယူခဲ့ရပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ဝင် ၅၀ က လုပ်ဆောင်ခဲ့ကြတယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ ရာရှစ်ဘင်ခါလစ်က ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဆိုင်အများစု မဖွင့်ကြသေးခင် မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းခဲ့တာကြောင့် အထဲမှာ လူတွေပိတ်မိနေသလားဆိုတဲ့ သတင်းအချက်အလက်ကိုတော့ မသိရသေးကြောင်း မီးသတ်အရာရှိ ခါလစ်က ပြောပါတယ်။
ရုရှားနိုင်ငံ၊ မော်စကိုဒေသထဲက ဟိုက်ပါမားကက်တခု ဒီဇင်ဘာ ၁၂ ရက်က မီးအကြီးအကျယ် လောင်လို့ ပျက်စီးသွားခဲ့ပြီး တပတ်အတွင်း ဒုတိယမြောက်မီးလောင်မှု ဖြစ်တယ်လို့ အရေးပေါ်ဌာနတွေက ပြောပါတယ်။
ရုရှားနိုင်ငံ မြို့တော်ဆင်ခြေဖုံးက လူငါးသိန်းနေထိုင်တဲ့ ဘာလာရှီခါမြို့က ဆောက်လုပ်ရေး ထောက်ပံ့ရေး ကုန်တိုက်ကြီးမှာ လောင်တဲ့မီးကို မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနက တယ်လီဂရမ် လွှင့်တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ မီးလောင်ကျွမ်းမှုကြောင့် ခေါင်မိုးတစိတ်တပိုင်း ပြိုကျခဲ့ပြီး မီးခိုးငွေ့တွေ လေထဲကို လွင့်ထွက်နေတာကို တွေ့ရပါတယ်။
မီးလောင်ပြင်ဧရိယာ စတုရန်းပေ တသိန်းအထိ တိုးလာတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
သောကြာနေ့က မော်စကိုမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ခင်မ်ခိဒေသက ဈေးဝယ်စင်တာကြီးတခုမှာလည်း မီးလောင်လို့ လူတဦးသေဆုံးပြီး ဧရိယာစတုရန်းမီတာ ၇,၀၀၀ မီးလောင်ကျွမ်းခဲ့ပါတယ်။