ရုရှားစျေးဝယ်စင်တာ မီးအကြီးအကျယ်လောင်ပြီး ပျက်စီး

ရုရှားနိုင်ငံ၊ မော်စကိုဒေသထဲက ဟိုက်ပါမားကက်တခု ဒီဇင်ဘာ ၁၂ ရက်က မီးအကြီးအကျယ် လောင်လို့ ပျက်စီးသွားခဲ့ပြီး တပတ်အတွင်း ဒုတိယမြောက်မီးလောင်မှု ဖြစ်တယ်လို့ အရေးပေါ်ဌာနတွေက ပြောပါတယ်။
ရုရှားနိုင်ငံ မြို့တော်ဆင်ခြေဖုံးက လူငါးသိန်းနေထိုင်တဲ့ ဘာလာရှီခါမြို့က ဆောက်လုပ်ရေး ထောက်ပံ့ရေး ကုန်တိုက်ကြီးမှာ လောင်တဲ့မီးကို မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနက တယ်လီဂရမ် လွှင့်တင်ထားတဲ့ ဓာတ်ပုံတွေထဲမှာ မီးလောင်ကျွမ်းမှုကြောင့် ခေါင်မိုးတစိတ်တပိုင်း ပြိုကျခဲ့ပြီး မီးခိုးငွေ့တွေ လေထဲကို လွင့်ထွက်နေတာကို တွေ့ရပါတယ်။
မီးလောင်ပြင်ဧရိယာ စတုရန်းပေ တသိန်းအထိ တိုးလာတယ်လို့ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး ကြီးလေးတဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတဲ့ စုံစမ်းစစ်ဆေးရေးကော်မတီက အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
သောကြာနေ့က မော်စကိုမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ခင်မ်ခိဒေသက ဈေးဝယ်စင်တာကြီးတခုမှာလည်း မီးလောင်လို့ လူတဦးသေဆုံးပြီး ဧရိယာစတုရန်းမီတာ ၇,၀၀၀ မီးလောင်ကျွမ်းခဲ့ပါတယ်။