ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိုင်မွာလ်ကျေးရွာ(ရွာသစ်) မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆယ်ကျော်သက်အရွယ် မောင်နှမ ၂ ဦးအား ဩဂုတ် ၁၆ ရက်နေ့ မနက် ၁၁ နာရီလောက် ဟိုင်မွာလ်ကျေးရွာ (ရွာသစ်) နဲ့ ရိခေါ်ဒါရ်မြို့အကြားမှာ သေဆုံးလျက် ပြန်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့အင်အား ၅၀ လောက်ဟာ ဟိုင်မွာလ်ကျေးရွာ (ရွာသစ်)ကို ဩဂုတ် ၁၄ ရက်နေ့ ညနေပိုင်းက စစ်ကြောင်းထိုးဝင်ရောက်ကာ လူနေအိမ် ၈ လုံးထက်မနည်း မီးရှို့ခဲ့ပြီး အသက် ၁၇ နှစ်အရွယ် Mai Lal Nun Puii နဲ့ ၁၅ နှစ်အရွယ် Salai Lal Ruat Mawia တို့ကို ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“အဲဒီနေ့က စစ်ကောင်စီတပ်က ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေလည်း လုပ်တယ်၊ လူနေအိမ်တွေကိုပါ မီးရှို့သွားတာ။ သူတို့ မောင်နှမနှစ်ယောက်ကိုလည်း နေအိမ်ကနေ ရိုက်နှက်ပြီး ဖမ်းခေါ်သွားကြတယ်။ အဲ့ဒီနောက်မှာတော့ လမ်းမှာ သေနတ်နဲ့ပစ်သတ်သွားပြီး အလောင်းတွေပေါ် မြေဖို့ထားတာကို တွေ့ခဲ့ကြတာပါ။ အလောင်းဖျောက်တဲ့ ပုံစံမျိုးလုပ်သွားကြတာ။”
စစ်ကောင်စီတပ်ဖွဲ့ရဲ့ သတ်ဖြတ်မှုခံခဲ့ရတဲ့ မောင်နှမနှစ်ဦးရဲ့ ရုပ်အလောင်းကို ကျေးရွာ ပြန်လည်သယ်ဆောင်ကာ ခရစ်ယာန်ဘာသာနဲ့အညီ ညနေပိုင်းမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ဟိုင်မွာလ်ကျေးရွာ (ရွာသစ်) ဟာ အိန္ဒိယ - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းရှိရာ ရိခေါ်ဒါရ်မြို့နဲ့ ၅ မိုင်အကွာမှာတည်ရှိပြီး ဩဂုတ် ၁၀ ရက်နေ့က တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ မျက်နှာချင်းဆိုင်တောင်ကုန်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၂၀၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၅,၁၂၇ ယောက်ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် လမ်းကြားတွေမှာ ဘိန်းဖြူကို သွေးကြောထဲသွင်းပြီး အသုံးပြုတဲ့ ဆေးသမားတွေထဲမှာ ၉ တန်းတက်မယ့် ဆယ်ကျော်သက်ကျောင်းသားတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရမ်ပူရပ်ကွက်ထဲမူးယစ်ဆေးလာရောက်သုံးစွဲတဲ့ သူတွေဟာ အရွယ်ပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ ဖြစ်ကြပြီး ကျောင်းသားအရွယ် ဆယ်ကျော်သက်ကလေးတွေပါ ပါဝင်နေတာပါ။
မူးယစ်ဆေးသုံးစွဲသူတွေကို ရပ်ကွက်နေပြည်သူတွေ စုပေါင်းဖမ်းဆီးပြီး ကြိမ်ဒဏ်ပေးတာ၊ ရဲလက်ထဲအပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနာမြို့ခံ လူငယ်တယောက်က ပြောပါတယ်။
“ဟိုနေက ဆိုရင် ဝိုင်းဖမ်းတော့ ပစ္စည်းနဲ့ မိတာ၊ လူက ငယ်ငယ်လေး၊ ဖြူဖြူဖွေးဖွေးလေးနဲ့ နုနုထွတ်ထွတ်လေး၊ တော်တော်ငယ်သေးတယ်၊ သေချာပြန်စစ်မေးတော့ ကိုးတန်းတက်မယ့်ကလေးတဲ့၊ ဆယ်ကျော်သက်တွေ ဖမ်းမိတာ အများကြီးပဲ။”
မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးသုံးစွဲသူတွေများပြားလာတာကြောင့် ဒုစရိုက်မှုတွေလည်း များလာတဲ့ အကြောင်းကို မြို့ခံတွေက ပြောပါတယ်။
ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက “မူးယစ်ဆေးသုံးတဲ့သူ ဘယ်လောက်များလာလဲဆိုရင် တချို့လမ်းကြားတွေမှာ သုံးပြီးသား ဆေးထိုးအပ်တွေများလွန်းလို့ ရက်ကွက်ထဲက ကလေးတွေဆော့ဖို့ နေရာတောင် မရှိတော့ဘူး။ အများစုက တခြားရပ်ကွက်ထဲကလာတယ်။ လာရောင်းတယ်၊ ဒီမှာလာရောင်းတာတွေရှိတယ်။ အဲလိုများလာတော့ ဒုစရိုက်မှုလည်းများ လာတယ်။ ဟိုနေ့က ဆိုရင် သံတိုသံစတွေ လိုက်ဝယ်တဲ့ အမျိုးသမီးဆီကနေ ပိုက်ဆံတွေလုပြီး ဓားနဲ့ထိုးသွားတာ”လို့ ပြောပါတယ်။
မူးယစ်ဆေးဝါးကင်းစင်ဖို့အတွက် ရပ်ကွက်နေ ပြည်သူတွေ စုပေါင်းပြီး မူးယစ်ကင်းစင်ရေး လှုပ်ရှားမှုပြုလုပ်နေတာ ရက်သတ္တပတ်ဝန်းကျင်ရှိလာပြီး နေ့စဉ် လုပ်ဆောင်နေတာကြောင့် မူးယစ်ဆေးသုံးစွဲသူတွေနည်းပါးလားတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
မူးယစ်ဆေးသုံးစွဲသူတွေကို ဝိုင်းဝန်းဖမ်းဆီးတဲ့ အစောပိုင်းနေ့တွေမှာ တစ်ရက်အတွင်း အယောက် ၂၀ ကနေ ၃၀ ဝန်းကျင်ဖမ်းဆီးရမိတယ်လို့သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ရမ်ပူရပ်ကွက်အပြင် ရပ်ကွက်တော်တော်များများမှာ မူးယစ်ဆေးသုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အရင်ကထက် သိသိသာသာ များပြားလာတာဖြစ်ပါတယ်။