close

မြစ်ကြီးနားတွင် ဆယ်ကျော်သက်လူငယ်များ ဘိန်းဖြူသုံးစွဲမှု ပိုများလာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက် လမ်းကြားတွေမှာ ဘိန်းဖြူကို သွေးကြောထဲသွင်းပြီး အသုံးပြုတဲ့ ဆေးသမားတွေထဲမှာ  ၉ တန်းတက်မယ့် ဆယ်ကျော်သက်ကျောင်းသားတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ရမ်ပူရပ်ကွက်ထဲမူးယစ်ဆေးလာရောက်သုံးစွဲတဲ့ သူတွေဟာ အရွယ်ပေါင်းစုံနဲ့ လူမျိုးပေါင်းစုံ ဖြစ်ကြပြီး ‌ကျောင်းသားအရွယ် ဆယ်ကျော်သက်ကလေးတွေပါ ပါဝင်နေတာပါ။

မူးယစ်ဆေးသုံးစွဲသူတွေကို ရပ်ကွက်နေပြည်သူတွေ စုပေါင်းဖမ်းဆီးပြီး ကြိမ်ဒဏ်ပေးတာ၊ ရဲလက်ထဲအပ်နှံတာတွေ ပြုလုပ်ခဲ့တယ်လို့  မြစ်ကြီးနာမြို့ခံ လူငယ်တယောက်က ပြောပါတယ်။

“ဟိုနေက ဆိုရင် ဝိုင်းဖမ်းတော့ ပစ္စည်းနဲ့ မိတာ၊ လူက ငယ်ငယ်‌လေး၊ ဖြူဖြူဖွေးဖွေးလေးနဲ့ နုနုထွတ်ထွတ်လေး၊ တော်တော်ငယ်သေးတယ်၊ သေချာပြန်စစ်မေးတော့ ကိုးတန်းတက်မယ့်ကလေးတဲ့၊ ဆယ်ကျော်သက်တွေ ဖမ်းမိတာ အများကြီးပဲ။”

မြစ်ကြီးနားမြို့မှာ မူးယစ်ဆေးသုံးစွဲသူတွေများပြားလာတာကြောင့် ဒုစရိုက်မှုတွေလည်း များလာတဲ့ အကြောင်းကို မြို့ခံတွေက ပြောပါတယ်။

ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက “မူးယစ်ဆေးသုံးတဲ့သူ ဘယ်လောက်များလာလဲဆိုရင် တချို့လမ်းကြားတွေမှာ သုံးပြီးသား ဆေးထိုးအပ်တွေများလွန်းလို့ ရက်ကွက်ထဲက ကလေးတွေဆော့ဖို့ နေရာတောင် မရှိတော့ဘူး။ အများစုက တခြားရပ်ကွက်ထဲကလာတယ်။ လာရောင်းတယ်၊ ဒီမှာလာရောင်းတာတွေရှိတယ်။ အဲလိုများလာတော့ ဒုစရိုက်မှုလည်းများ လာတယ်။ ဟိုနေ့က ဆိုရင် သံတိုသံစတွေ လိုက်ဝယ်တဲ့ အမျိုးသမီးဆီကနေ ပိုက်ဆံတွေလုပြီး ဓားနဲ့ထိုးသွားတာ”လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးကင်းစင်ဖို့အတွက် ရပ်ကွက်နေ ပြည်သူတွေ စုပေါင်းပြီး  မူးယစ်ကင်းစင်ရေး လှုပ်ရှားမှုပြုလုပ်နေတာ ရက်သတ္တပတ်ဝန်းကျင်ရှိလာပြီး နေ့စဉ် လုပ်ဆောင်နေတာကြောင့် မူးယစ်ဆေးသုံးစွဲသူတွေနည်းပါးလားတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။

မူးယစ်ဆေးသုံးစွဲသူတွေကို ဝိုင်းဝန်းဖမ်းဆီးတဲ့ အစောပိုင်းနေ့တွေမှာ တစ်ရက်အတွင်း  အယောက် ၂၀ ကနေ ၃၀ ဝန်းကျင်ဖမ်းဆီးရမိတယ်လို့သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ရမ်ပူရပ်ကွက်အပြင် ရပ်ကွက်တော်တော်များများမှာ မူးယစ်ဆေးသုံးစွဲမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အရင်ကထက် သိသိသာသာ များပြားလာတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up