ဆိုမားလီးယားနိုင်ငံမှာ ရာစုနှစ်တဝက်အတွင်း မကြုံစဘူး လူသေဆုံးတဲ့အဆင့်အထိ ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှုနဲ့ ကြုံနေရလို့ ရာနဲ့ချီတဲ့မိခင်တွေနဲ့ သားသမီးတွေ ငတ်မွတ်ခေါင်းပါးနေကြတယ်လို့ ကုလသမဂ္ဂ အေဂျင်စီတခုဖြစ်တဲ့ ယူနီဆက်ဖ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၈ ရက်မှာ ပြောပါတယ်။
မြို့တော် မိုဂါဒစ်ရှူးက ဘာနာဒီယာဆေးရုံမှာ အာဟာရချို့တဲ့မှုကြောင့် ဆေးရုံတက်ရတဲ့ ကလေးအရေအတွက်ကြောင့် ဆရာဝန်တွေ လုံးထွေးရုန်းကန်နေရပါတယ်။
အခြေအနေဟာာ ၂၀၁၁ ခုနှစ် အငတ်ဘေးနဲ့တူပြီး ၂၀၁၇ မိုးခေါင်မှုထက် ပိုဆိုးတယ်လို့ ကလေးအထူးကုဆရာဝန် အဝေး ဆိုလက်စ် ဟတ်ဆန်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြို့တော်ရဲ့ ဆင်ခြေဖုံးမှာရှိပြီး လူဦးရေအလွန်ထူထပ်တဲ့ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်း (IDP) ထဲက ယာယီတဲတွေထဲမှာ ရာနဲ့ချီတဲ့ အားနည်း၊ ပင်ပန်းနွမ်းနယ်နေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ခိုလှုံနေကြတာကို ပြီးခဲ့တဲ့လက ရိုက်တာသတင်းထောက်တဦးက ဗီွဒီယို ရိုက်ကူးထားခဲ့ပါတယ်။
တချို့ စစ်ဘေးရှောင်မိခင်တွေဟာ ယာယီတဲတွေထဲမှာ နေကြပေမဲ့ တချို့က စခန်းထဲမှာရှိတဲ့ အကေးရှားသစ်ပင်တွေအောက်မှာ အိပ်ကြရပါတယ်။
လူတွေက စခန်းကို ဘာမှမရှိဘဲ ရောက်လာကြပြီး သူတို့ကိုကူညီဖို့ စခန်းက တတ်နိုင်သလောက် လုပ်ဆောင်နေတယ်လို့ စခန်းရဲ့ဒါရိုက်တာ ဖာဒူမာအဘ်ဒူ ကာဒီယာ ဝါဆာမေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဆိုမားလီးယားနိုင်ငံမှာ ကလေးငယ် တသန်းခွဲကျော် အာဟာရချို့တဲ့မှုကြောင့် သေဆုံးနိုင်ခြေရှိပြီး ခရိုင်နှစ်ခုဟာ အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်း အငတ်ဘေးကြုံရဖို့ ခန့်မှန်းထားတယ်လို့ ကုလသမဂ္ဂက သတိပေးခဲ့ပါတယ်။
ဆိုမားလီယားနိုင်ငံ နေရာအများစုမှာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ၂၀၂၁ တနှစ်လုံး မိုးခေါင်နေတာကြောင့် ပြည်သူ ၃ သန်းခွဲကျော်လောက်ဟာ သောက်သုံးရေ မရရှိမှု၊ အာဟာရချို့တဲ့မှုနဲ့ ရောဂါဘယထူပြောလာမှု အခက်အခဲပေါင်းစုံ ကြုံတွေ့နေရပါတယ်။
အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးတွေ အာဟာရချို့တဲ့နေပြီး ဆိုမားလီယားအစိုးရက အရေးပေါ်အခြေအနေ ကြေညာထားကာ နိုင်ငံတကာအကူအညီတွေ တောင်းခံနေပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ ဆိုမားလီးယားနိုင်ငံ လက်ထောက်ဒါရိုက်တာ လာရာဖော်စီ က “ဆိုမားလီယားမှာ တတိယအကြိမ် မိုးခေါင်မှုကြုံရတာပါ။ လူ ၃ ဒသမ ၅ သန်း စားနပ်ရိက္ခာမရှိတာကြောင့် အခြေအနေဟာ အလွန်စိုးရိမ်ဖို့ကောင်းပါတယ်။ မေလမှာ လူ ၄ ဒသမ ၆ သန်းထိ အစားအစာပြတ်လပ်မှု ကြုံရဖို့ရှိနေတယ်။ ဆိုမားလီယား လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းဖြစ်ပါတယ်” လို့ ပြောပါတယ်။