ဆူဒန်နိုင်ငံမှာ စစ်တိုက်နေကြတဲ့ အဖွဲ့တွေဟာ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးကို မေ ၁၂ ရက် အစောပိုင်းက ကတိကဝတ် ပြုထားခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောမတူဘဲ အလှမ်းဝေးနေဆဲဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဆော်ဒီဆိပ်ကမ်း ဂျဒ်ဒါမှာ တပတ်ကြာ ဆွေးနွေးပြီးနောက် ဆူဒန်စစ်တပ်နဲ့ သူ့ပြိုင်ဘက် အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ဟာ ရေတို အပစ်အခတ်ရပ်စဲရေးကို ဦးတည်ပြီး နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သူတို့ကဆိုပါတယ်။
ဆူဒန်စစ်တပ်နဲ့ RSF တို့က စာရွက်စာတမ်းကို လက်မှတ်ရေးထိုးနေကြပုံကို ဆော်ဒီနိုင်ငံပိုင်ရုပ်သံတီဗီ အယ်လ်-အခ်ဘာရီယားက မေ ၁၁ ရက် နှောင်းပိုင်းမှာ ပြသခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ဖြစ်နေတဲ့ အဖွဲ့တွေဟာ ၁၀ ရက်လောက်အထိ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရဖို့ အာရုံစိုက်ကြလိမ့်မယ်လို့ ဖော်ပြထားပါတယ်။
ဆော်ဒီနဲ့ အမေရိကန် ကြားဝင်ဖျန်ဖြေသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေကို အကာအကွယ်ပေးရေးအတွက် သီးခြားလုံခြုံရေး အစီအမံတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောကြားခဲ့ပါတယ်။
အဲဒီအစီအမံတွေမှာ အမေရိကန်-ဆော်ဒီနဲ့ နိုင်ငံတကာက ပံ့ပိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး ယန္တရားတို့ ပါဝင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယာယီအပစ်အခတ်ရပ်စဲရေးကနေ ရန်လိုမှုများ ထာဝရရပ်စဲရေးအထိ လုပ်ဆောင်ရမယ့် ရှည်လျားတဲ့ လုပ်ငန်းစဉ် ဖြစ်မယ်လို့ အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။
နောက်ပိုင်းမှာ အရပ်သားအဖွဲ့တွေလည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့ပါတယ်။
အသင်းရဲ့ခွင့်ပြုချက်မရဘဲ ဆော်ဒီနိုင်ငံဆီ အလည်အပတ်သွာရောက်ခဲ့တဲ့အပေါ် ပီအက်စ်ဂျီ အသင်းကို မက်ဆီက တောင်းပန်စကားဆိုခဲ့ပါတယ်။
မက်ဆီဟာ ဆော်ဒီနိုင်ငံရဲ့ခရီးသွားသံတမန် အဖြစ်ခန့်အပ်ခဲ့ထားရသူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က မိသားစုဝင်တွေနဲ့အတူ သွားရောက်လည်ပတ်ခဲ့တာပါ။
အဲဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီအသင်းဘက်က ခွင့်ပြုထားတာမဟုတ်တဲ့အတွက် နှစ်ပတ်ကြာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။
မက်ဆီဘက်ကတော့ အင်စတာဂရမ်အကောင့်ကနေ တစ်ဆင့် စာနဲ့ရော၊ Video ဖိုင်နဲ့ပါ ပီအက်စ်ဂျီအသင်းကို တောင်းပန်သွားခဲ့ပြီး အရင်တစ်ကြိမ်ကလည်း ခရီးစဉ်ကိုပယ် ဖျက်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ မဖြစ်သာတော့လို့ သွားခဲ့ရတာဖြစ်ကြောင်း တောင်းပန်စာမှာ ပြောထားပါတယ်။
ခွင့်ပြုချက်မရဘဲသွားရောက်ခဲ့တဲ့အတွက် အသင်းဖော်တွေကို တောင်းပန်သလို အသင်းဘက်က ဖြစ်ချင်တာကိုလည်း နာခံဖို့အသင့်ရှိကြောင်း မက်ဆီကပြောပါတယ်။
မက်ဆီဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ငြင်းဆန်ထားတာကြောင့် အသင်းပြောင်းရွှေ့ဖို့ရှိပါတယ်။