စပါးအသင်းနဲ့ ကန်မယ့်ပွဲစဉ်မှာ တိုက်စစ်မှူးဟယ်ရီကိန်းကိုရပ်တန့်နိုင်မယ့် အစီအစဉ် ရှိပြီးဖြစ်ကြောင်း မန်ယူနည်းပြအဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ စပါးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
နည်းပြတန်ဟတ်ဂ်ကတော့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ ပါးရည်နပ်ရည်ရှိတဲ့ တိုက်စစ်မှူးဖြစ်လို့ တားဆီးနိုင်မယ့် အစီအစဉ်ရှိဖို့လိုအပ်ပြီး အစီအစဉ်ရှိပြီးသားလည်းဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်က “ဟယ်ရီကိန်းက ပါးနပ်တဲ့တိုက်စစ်မှူးဖြစ်လို့ အသင်းတသင်းအနေနဲ့ တားဆီးသွားရပါမယ်။ သူက ပွဲအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတာကြောင့် အဲဒီလိုသက်ရောက်မှုရှိနိုင်တဲ့ အခြေအနေအထိ ရောက်လို့မဖြစ်ပါဘူး။ အဲဒီအတွက်လည်း အစီအစဉ်တစ်ခု ရှိထားပါတယ်”လို့ ပြောပါတယ်။
မန်ယူအသင်းအနေနဲ့ပွဲတိုင်းကို အနိုင်ရလဒ်အတွက်ပဲ ကစားမှာဖြစ်ပြီး စပါးနဲ့ပွဲစဉ်ကိုလည်း အနိုင်ရလဒ်အတွက် ဦးတည်ကစားမယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ရက်ရှ်ဖို့ဒ် ဒဏ်ရာရနေပေမဲ့ တိုက်စစ်မှူးမာစီယယ်နဲ့လည်း အသင်းရဲ့ အကောင်းဆုံးပုံစံရရှိအောင် ကစားနိုင်စွမ်းရှိကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်ကပြောပါတယ်။
မာစီယယ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲကစားခွင့်နည်းပါးခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ လူစားဝင်ကစားပြီးအနိုင်ဂိုးတစ်ဂိုးသွင်းခဲ့ပါတယ်။
တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ကြွက်သားဒဏ်ရာကြောင့် ဆီဗီလာနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပထမအကျော့ကို လွဲချော်မှာ ဖြစ်ပြီး မာစီယယ်က တိုက်စစ်မြားဦးမှာ ပွဲထွက်လာဖို့ရှိတာပါ။
နည်းပြတန်ဟတ်ဂ်ကတော့ မာစီယယ်ဟာ အသင်းအပေါ်မှာ အကျိုးပြုတဲ့ ကစားသမားဖြစ်ပြီး မန်စီးတီး၊ လီဗာပူးလို အသင်းတွေနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ကြောင်း၊ မာစီယယ်နဲ့လည်း ကောင်းဆုံးခြေစွမ်းရရှိအောင်ကစားနိုင်ကြောင်းပြောပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာ မနှစ်က အငှားထွက်ကစားခဲ့တဲ့ အသင်းဟောင်းဆီဗီလာနဲ့ ပြန်လည်ရင်ဆိုင်ရမှာပါ။ မာစီယယ်ဟာ ဆီဗီလာမှာကစားစဉ်က စုစုပေါင်း ၁၂ ပွဲမှာ တစ်ဂိုးသွင်းခဲ့ ပါတယ်။