ဟယ်ရီကိန်းကို ရပ်တန့်နိုင်မည့် အစီအစဉ်ရှိကြောင်း မန်ယူနည်းပြ တန်ဟတ်ဂ် ပြော

စပါးအသင်းနဲ့ ကန်မယ့်ပွဲစဉ်မှာ တိုက်စစ်မှူးဟယ်ရီကိန်းကိုရပ်တန့်နိုင်မယ့် အစီအစဉ် ရှိပြီးဖြစ်ကြောင်း မန်ယူနည်းပြအဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
မန်ယူအသင်းဟာ ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ စပါးအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာပါ။
နည်းပြတန်ဟတ်ဂ်ကတော့ စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ ပါးရည်နပ်ရည်ရှိတဲ့ တိုက်စစ်မှူးဖြစ်လို့ တားဆီးနိုင်မယ့် အစီအစဉ်ရှိဖို့လိုအပ်ပြီး အစီအစဉ်ရှိပြီးသားလည်းဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နည်းပြတန်ဟတ်ဂ်က “ဟယ်ရီကိန်းက ပါးနပ်တဲ့တိုက်စစ်မှူးဖြစ်လို့ အသင်းတသင်းအနေနဲ့ တားဆီးသွားရပါမယ်။ သူက ပွဲအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိတာကြောင့် အဲဒီလိုသက်ရောက်မှုရှိနိုင်တဲ့ အခြေအနေအထိ ရောက်လို့မဖြစ်ပါဘူး။ အဲဒီအတွက်လည်း အစီအစဉ်တစ်ခု ရှိထားပါတယ်”လို့ ပြောပါတယ်။
မန်ယူအသင်းအနေနဲ့ပွဲတိုင်းကို အနိုင်ရလဒ်အတွက်ပဲ ကစားမှာဖြစ်ပြီး စပါးနဲ့ပွဲစဉ်ကိုလည်း အနိုင်ရလဒ်အတွက် ဦးတည်ကစားမယ်လို့ နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။