အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကူကီတိုင်းရင်းသားအများစုနေထိုင်တဲ့ ကွန်းတောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က မတ် ၂၅ ရက်မှာ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အပြစ်မဲ့တဲ့ ပြည်သူနေအိမ်တွေကို အခုလိုမီးရှို့ဖျက်ဆီးတဲ့အပေါ် ရှုတ်ချကြောင်း ကူကီးကျောင်းသားလူငယ် အဖွဲ့အစည်း တာဝန်ခံက ပြောပါတယ်။
“ကွန်းတောင်ရွာသစ်ကတော့ ရွာငယ်လေးပါ။ အဲဒီရွာမှာ ကျနော်တို့ ကူကီးလူမျိုးတွေ အများဆုံး နေထိုင်ကြတယ်။ စစ်ကောင်စီအနေနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပေါ် အပြင်းအထန် ရှုတ်ချတယ်။”
အဆိုပါ ကွန်းတောင်ရွာသစ်ကျေးရွာမှာ အိမ်ခြေ ၃၀ ဝန်းကျင်ရှိပြီး နေအိမ် ၂၄ လုံး မီးရှို့ ဖျက်ဆီးခံလိုက်ရကာ ဒေသခံတွေအနေနဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရလို့ စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်နေပြီး လက်ရှိ အိန္ဒိယဘက်ခြမ်းမှာ တိမ်းရှောင်ခိုလှုံနေရပါတယ်။
ကွန်းတောင်ရွာသစ်ကျေးရွာဟာ တမူးမြို့နဲ့ ၆ မိုင်လောက်သာ ကွာဝေးပြီး မတ် ၂၃ ရက်ကလည်း ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေပါ အသုံးပြုခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများလို့ ကျေးရွာတွေကို မီးရှို့တာဖြစ်နိုင်တယ်လို့ တမူးနယ်က တော်လှန်ရေးအင်အားစုအဖွဲ့ဝင်အချို့က သုံးသပ်နေကြပါတယ်။
ဓာတ်ပုံ-Crd(တမူးကဘော်)
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ဘုက္ကန်ရဲကင်းစခန်းကို မတ်လ ၂၄ ရက် မနက်ပိုင်း ၇ နာရီခွဲလောက်မှာ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ အမျိုးသား လွတ်မြောက်ရေးတပ်တော် (National Liberation Army)က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
အဆိုပါရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ရဲစခန်းအတွင်းက ရန်သူ့လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ စကားပြောစက် ၇ လုံး၊ ကျည်ဆန်တွေ အမြောက်အမြားနဲ့ ဒုရဲအုပ်အဆင့် အပါအဝင် ယူနီဖောင်း ဝတ်စုံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ထံက သိရပါတယ်။
ဒီတိုက်ပွဲတွင်းပါဝင်ခဲ့တဲ့ တမူးကဘော်ဒေသရဲ့ ပြန်ကြားရေးတာဝန်ခံ သျှောင်တစောင်းက “ဘုက္ကန်ရဲစခန်းမှာ စစ်သားမရှိဘူး။ ရဲတွေချည်းပဲတပ်စွဲနေတယ်။ တိုက်ပွဲချိန် ၄၅ မိနစ်ကြာခဲ့တယ်။ သူတို့ဘက်က လေးယောက် သေနတ်ထိမှန်တာ တွေ့ခဲ့ရတယ်။ အစ်ကိုတို့ ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိ ခဲ့တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
တမူးနယ်က ဘုက္ကန်နယ်မြေရဲစခန်းဟာ ကျေးရွာရဲ့အစွန်ပိုင်း အိန္ဒိယနဲ့ နယ်နိမိတ် ထိစပ်နေတဲ့မျဉ်းပေါ်မှာတည်ရှိပြီး တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိဘဲ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၉ ဦးက လက်နက်ချပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားပါတယ်။
လက်ရှိတမူးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာ နေပြီး ဘုက္ကန်ရဲစခန်း စီးနင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။
ဓာတ်ပုံ-NLA(