close

တမူးမြို့နယ်ရှိ ကူကီးတိုင်းရင်းသားကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကူကီတိုင်းရင်းသားအများစုနေထိုင်တဲ့  ကွန်းတောင်ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်က  မတ် ၂၅ ရက်‌မှာ  ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ‌တွေဆီက သိရပါတယ်။

အပြစ်မဲ့တဲ့ ပြည်သူနေအိမ်တွေကို အခုလိုမီးရှို့ဖျက်ဆီးတဲ့အပေါ် ရှုတ်ချကြောင်း ကူကီးကျောင်းသားလူငယ် အဖွဲ့အစည်း တာဝန်ခံက ပြောပါတယ်။

“ကွန်းတောင်ရွာသစ်ကတော့ ရွာငယ်လေးပါ။ အဲဒီရွာမှာ ကျနော်တို့ ကူကီးလူမျိုးတွေ အများဆုံး နေထိုင်ကြတယ်။ စစ်ကောင်စီအနေနဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့အပေါ် အပြင်းအထန် ရှုတ်ချတယ်။”

အဆိုပါ ကွန်းတောင်ရွာသစ်ကျေးရွာမှာ အိမ်ခြေ ၃၀ ဝန်းကျင်ရှိပြီး နေအိမ် ၂၄ လုံး မီးရှို့ ဖျက်ဆီးခံလိုက်ရကာ ဒေသခံတွေအနေနဲ့ နေအိမ် မီးရှို့ဖျက်ဆီးခံရလို့  စားဝတ်နေရေး အခက်အခဲတွေဖြစ်ပေါ်နေပြီး လက်ရှိ အိန္ဒိယဘက်ခြမ်းမှာ တိမ်း‌ရှောင်ခိုလှုံနေရပါတယ်။

ကွန်းတောင်ရွာသစ်ကျေးရွာဟာ တမူးမြို့နဲ့ ၆ မိုင်လောက်သာ ကွာဝေးပြီး မတ် ၂၃ ရက်ကလည်း ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့လို့ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတွေပါ အသုံးပြုခဲ့ပြီး စစ်တပ်ဘက်က အထိအခိုက် အကျအဆုံးများလို့ ကျေးရွာတွေကို မီးရှို့တာဖြစ်နိုင်တယ်လို့ တမူးနယ်က တော်လှန်ရေးအင်အားစုအဖွဲ့ဝင်အချို့က သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ-Crd(တမူးကဘော်)

Up