close

တမူးမြို့နယ်ရှိ ဘုက္ကန်ရဲကင်းစခန်း သိမ်းပိုက်ခံရ၊ လက်နက်ခဲယမ်းများထားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ အိန္ဒိယဘက် ထွက်ပြေး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ဘုက္ကန်ရဲကင်းစခန်းကို မတ်လ ၂၄ ရက် မနက်ပိုင်း ၇ နာရီခွဲလောက်မှာ  တော်လှန်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ အမျိုးသား လွတ်မြောက်ရေးတပ်တော် (National Liberation Army)က ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး  လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါရဲစခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ရဲစခန်းအတွင်းက ရန်သူ့လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ စကားပြောစက် ၇ လုံး၊ ကျည်ဆန်တွေ အမြောက်အမြားနဲ့ ဒုရဲအုပ်အဆင့် အပါအဝင် ယူနီဖောင်း ဝတ်စုံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ထံက သိရပါတယ်။

ဒီတိုက်ပွဲတွင်းပါဝင်ခဲ့တဲ့ တမူးကဘော်ဒေသရဲ့ ပြန်ကြားရေးတာဝန်ခံ သျှောင်တစောင်းက “ဘုက္ကန်ရဲစခန်းမှာ စစ်သားမရှိဘူး။ ရဲတွေချည်းပဲတပ်စွဲနေတယ်။ တိုက်ပွဲချိန် ၄၅ မိနစ်ကြာခဲ့တယ်။ သူတို့ဘက်က  လေးယောက် သေနတ်ထိမှန်တာ‌ တွေ့ခဲ့ရတယ်။ အစ်ကိုတို့ ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိဘဲ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိ ခဲ့တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

တမူးနယ်က ဘုက္ကန်နယ်မြေရဲစခန်းဟာ ကျေးရွာရဲ့အစွန်ပိုင်း အိန္ဒိယနဲ့ နယ်နိမိတ် ထိစပ်နေတဲ့မျဉ်းပေါ်မှာတည်ရှိပြီး တိုက်ပွဲကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာမျိုးမရှိဘဲ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင် ၉ ဦးက လက်နက်ချပြီး အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားပါတယ်။

လက်ရှိတမူးမြို့နယ်မှာ  စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား စစ်ရေးတင်းမာ နေပြီး ဘုက္ကန်ရဲစခန်း စီးနင်းတိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း‌ထုတ်ပြန်ထားတာတော့ မတွေ့ရသေးပါဘူး။

ဓာတ်ပုံ-NLA(

Up