ထိုင်းနိုင်ငံမူကြိုကျောင်း ပစ်ခတ်ခံရမှုမှာ သေဆုံးသွားခဲ့ကြသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေကို ဘတ် ၉ သန်းကျော် လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ရဲချုပ် ဒမ်ရွန်ဆက်ခ် ခစ်ထီပရာပတ်စ်က ခုလိုလှူဒါန်းမှုဟာ ရဲတပ်ဖွဲ့၊ အများပြည်သူနဲ့ ပုဂ္ဂလိက အလှူရှင်တွေဆီကဖြစ်ပြီး အောက်တိုဘာ ၁၀ ရက်မှာ ဘတ် ၉ သန်းကျော်သွားခဲ့တယ်လို့ ပြောပါတယ်။
“ရဲတပ်ဖွဲ့က ကျန်ရစ်သူ မိသားစုဝင်တွေဆီကို အောက်တိုဘာ ၁၁ ရက်မှာ လွှဲပြောင်းပေးအပ်သွားမှာပါ။”
ဒါ့အပြင် ခုလိုထောက်ပံ့လှူဒါန်းသူတွေအနေနဲ့ စိတ်ချယုံကြည်ရတဲ့ အဖွဲ့အစည်းတွေကတဆင့် လှူဒါန်းကြဖို့လည်း အကြံပြုထားပြီး ဒီအဖြစ်ဆိုးအပေါ် အခွင့်ကောင်းယူချင်ကြတဲ့ ရာဇဝတ်ကောင်တွေကိုလည်း သတိပြုကြဖို့ အကြံပေးထားပါတယ်။
စိတ်သောကရောက်နေကြတဲ့ သေဆုံးသူတွေရဲ့ ကျန်ရစ်တဲ့ ဆွေမျိုးသားချင်းတွေရဲ့ ဝေဒနာတွေ သက်သာရာရစေဖို့အတွက် နိုင်ငံတော်ရဲတပ်ဖွဲ့ရဲ့ ဘဏ်အကောင့်ကတဆင့် ငွေသားလှူဒါန်းနိုင်ကြောင်းလည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုင်းနိုင်ငံ၊ နောင်ဘိုလမ်းဖူးခရိုင်၊ ဥထိုင်းဆဝမ် မူကြိုကလေးထိန်းကျောင်းထဲကို အသက် ၃၄ နှစ်အရွယ် ထိုင်းရဲဝန်ထမ်းဟောင်း သေနတ်သမားတဦး ဝင်ရောက်ပစ်ခတ်မှုမှာ ကလေး သူငယ် ၂၄ ယောက်အပါအဝင် စုစုပေါင်း ၃၆ ယောက် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လူပေါင်း ၃၈ ယောက် သေဆုံးခဲ့တဲ့ မူကြိုကျောင်းပစ်ခတ်မှုအပေါ် သင်ခန်းစာယူပြီး နောက်နောင်အလားတူဖြစ်ရပ်ဆိုးမျိုး မပေါ်ပေါ်က်ဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ လက်နက်ကိုင်ဆောင်သူတွေကိုလည်း ပြန်လည်စိစစ်တော့မယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရှိန်မြှင့်ဖို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ကျန်အိုးချားက ညွှန်ကြားခဲ့ပြီးတဲ့နောက် ထိုင်းရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရေးပေါ်အစည်းအဝေးတရပ်ကို အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့တယ်လို့ ပြည်ထဲရေးဌာန အတွင်းဝန် နိုင်းဆူ ထိဖုန်း ကျွန်းကျရိုန်းက သတင်းထောက်တွေကို ပြောပါတယ်။
အစည်းအဝေးမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးအတွက် အဓိကအချက် ၅ ချက် ဆောင်ရွက်သွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါအချက်တွေမှာ မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေကို Re X- Ray စစ်ဆေးဖို့၊ မူးယစ်ဆေးသုံးစွဲသူတွေ တွေ့ရှိက ဆေးဖြတ် စခန်းပို့ဖို့၊ ရပ်ထဲရွာထဲမှာ မူးယစ်ဆေးစောင့်ကြည့်ရေးကော်မတီဖွဲ့ပြီး မသင်္ကာစရာတွေ စောင့်ကြပ် စစ်ဆေးဖို့ အချက်တွေ ပါဝင်ပါတယ်။
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့အဖွဲ့က မိမိရပ်ရွာတွင်း မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ ခရိုင်ဝန်တွေ မြို့နယ်အုပ်ချုပ်ရေးဌာနတွေကလည်း ရပ်ကွက်/ကျေးရွာအတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းတွေကို ထောက်ပံ့ပေးဖို့၊ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ သတင်းပေးသူတွေကို ဆုချတာ ၊ သူတို့ရဲ့ကိုယ်ရေးအချက်အလက်နဲ့ လုံခြုံရေးတာဝန်ယူပေးဖို့ လည်းပါပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ဆောင်ခွင့်ရှိသူတွေကို ပြန်လည်စိစစ်ပြီး လက်နက်ကိုင်ခွင့်ရှိသူတွေ လိုက်နာရမယ့် စည်းကမ်းချက်နဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ၊ စိတ်ကျန်းမာရေးအခြေအနေ၊ လက်နက်နဲ့ အာဏာကို အလွဲသုံးစားပြုကာ ပြည်သူများအပေါ် ခြိမ်းခြောက်တာ ရှိ၊ မရှိ စတဲ့ အချက်တွေ ပြန်လည်စစ်ဆေးပြီး မညီညွတ်ပါက လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ပြန်လည်ရုပ်သိမ်းဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
မူးယစ်ဆေးဝါးစစ်ဆင်ရေးအရှိန်မြှင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းတရားရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆူထင်းကလည်း မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့နယ်စပ် တဘက်ကမ်းကနေ ထွက်ရှိနေတာလို့ သတင်းဌာနတွေကို ပြောပါတယ်။
အဲဒီမှာ အဖွဲ့ပေါင်း ၇ ဖွဲ့ကနေ မူးယစ်ဆေးဝါးထုတ်လုပ်နေကြောင်း ၊ အထူးသဖြင့် စိတ်ကြွ ဆေးပြားတစ်နေ့ကို အလုံးရေသန်းပေါင်း ၂၈၀ ကျော် ထုတ်လုပ်နေတယ်လို့ စုံစမ်းသိရှိရကြောင်း ၊ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာရှိမနေတော့ ဝင်ရောက်နှိမ်နင်းလို့မရဘဲ နိုင်ငံထဲဝင်ရောက် လာတဲ့ချိန်မှ ဖမ်းဆီးအရေးယူတာ ၊ ဆက်နွှယ်နေသူတွေကိုစုံစမ်းအရေးယူတာ ၊ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပိတ်ပင်သိမ်းဆည်းတာတွေပဲ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းတနိုင်ငံလုံး စိတ်ကြွဆေးနေရာတိုင်းအလွယ်တကူဝယ်နိုင်တယ်ဆိုတဲ့ လူမှုကွန်ရက်စွပ်စွဲ ချက်တွေကတော့ မမှန်ကန်ကြောင်း၊ တနိုင်ငံလုံးရှိ ရပ်ကွက်/ကျေးရွာ ရာခိုင်နှုန်း ၂၀ လောက်သာ ရောင်းဝယ်မှုတွေရှိတယ်လို့ စုံစမ်းသိရှိရပြီး လျော့ပါးသွားအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။
ကိုးကား - ချနယ်လ်၃ ထိုင်းတီဗွီသတင်း ၊ ချင်းမိုင်နယူးစ်
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နောင်ဘိုလမ်းဖူးခရိုင်၊ နားကလန်မြို့ ဥထိုင်းဆဝမ်နေ့ကလေးထိန်း ကျောင်းမှာ လူပေါင်း ၃၀ ကျော်ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားခဲ့ ကျောင်းခန်းထဲအထိ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သတင်းယူခဲ့တဲ့ CNN သတင်းထောက် နှစ်ယောက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူလိုက်ပါတယ်။
CNN သတင်းထောက် ဩစတြေးလျနိုင်ငံသူ မစ်စ်အဲန်နာနဲ့ ဗြိတိန်နိုင်ငံသား မစ္စတာ အယ်နီရယ်တို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကျောင်းခန်းထဲ ထိဝင်ရောက်သတင်းယူခဲ့ပြီး ပြန်ထွက်လာတော့ ကြိုးနီတားထားတဲ့ ခြံစည်းရိုးကို ကျော်ခွနေတဲ့ ပုံတွေ ထိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့သွားပါတယ်။
ဒါကြောင့် ဥထိုင်းဆဝမ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဆိုပါနိုင်ငံခြားသတင်းထောက် နှစ်ယောက်ကို ဌာနဆိုင်ရာအဆောက်အဦထဲ ခွင့်ပြုချက်မရဘဲ ဝင်ရောက်ကျူးကျော်မှု၊ မှုခင်းသက်သေအထောက်အထားရှိတဲ့နေရာကို ခွင့်ပြုချက်မရဘဲ ဝင်ရောက်ရိုက်ကူးမှု စတဲ့စွဲချက် နှစ်ခုနဲ့ နားကလန်နယ်မြေ ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။
အဆိုပါနိုင်ငံခြားသတင်းထောက် နှစ်ယောက်ဟာ ဥထိုင်းဌာနီမြို့ရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေကြောင်း စုံစမ်းသိရှိရတဲ့အတွက် ရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ထိုင်းရဲချုပ်ဆူရချေ့်ဟတ်ဖန်းကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပါတယ်။
သတင်းထောက်နှစ်ယောက်ကတော့ သူတို့ ဝင်သွားတုန်းက အဲဒီနေရာမှာ ကန့်သတ်ကြိုးတ တားထားတာ မရှိသေးဘဲ အထဲကိုမဝင်ခင်ကလည်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းကို Can I come in လို့ အရင်မေးခဲ့ကြောင်း၊ ဝန်ထမ်းက လက်ပြလို့ ဝင်သွားခဲ့တာဖြစ်ပြီး ပြန်ထွက်လာတော့ ဝင်းတံခါးပိတ်ထားလို့ ခြံစည်းရိုးကို ကျော်ခွပြီးမှထွက်လာရသလို ကြိုးနီတွေလည်း သူတို့ထွက်လာမှ တွေ့ရတယ်လို့ ထွက်ဆိုပါတယ်။
ရဲချုပ်က သူတို့ရဲ့နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာ စစ်ဆေးရာမှာ အလည်အပတ်ဗီဇာနဲ့ အောက်တိုဘာ ၆ ရက်က ဝင်ရောက်လာပြီး ဒီနှစ်နိုဝင်ဘာ ၁၉ ရက်မှ ဗီဇာကုန်ဆုံးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့ဟာ နယ်မြေထဲကွင်းဆင်းပြီး သတင်းထောက်အလုပ် လုပ်ခဲ့ကြောင်း၊ ဒါကြောင့် လဝကဥပဒေအရ ဗီဇာရုပ်သိမ်းပြီး အလုပ်သမားဥပဒေအရ အလုပ်လုပ်ခွင့်မရှိဘဲ လာပြီး အလုပ်လုပ်လို့ ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေ ၁၀၀၀၀ ထိပေးဆောင်ရမယ်လို့ ပြောသွားပါတယ်။
သူတို့ကို အထဲဝင်ခွင့်ပြုခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဟာ သတင်းထောက်တွေကို ဝင်ခွင့်ပေးပိုင်ခွင့် အာဏာရှိ၊ မရှိကို ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဆိုပါတယ်။
CNN သတင်းထောက် နှစ်ယောက်ကလည်း ဒဏ်ငွေ ဘတ် ၅၀၀၀ စီ ပေးဆောင်ပြီး ထိုင်းပြည်သူတွေကို တောင်းပန်ကြောင်း ပြောကြားကာ နေရပ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။
မူကြိုကျောင်းကလေးတွေ အကြမ်းဖက်ခံရကြောင်း သတင်းတင်ဆက်မှုကို CNN သတင်းချယ်နယ်မှာ အောက်တိုဘာ ၈ ရက်က ၃ မိနစ်ကျော် ထုတ်လွှင့်ခဲ့ပြီးနောက် အဆိုပါသတင်းထောက် နှစ်ယောက်ကို သတင်းကျင့်ဝတ်နဲ့မညီကြောင်း ထိုင်းသတင်းစာဆရာများအသင်း (Thai Journalist Association)၊ ထိုင်းရှေ့နေများအသင်းနဲ့ ဘန်ကောက်အခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်း FCCT တို့က ကန့်ကွက်စာထုတ်ပြန်ခဲ့ကြပါတယ်။
အဲဒီနောက် CNN သတင်းဌာနကလည်း မရည်ရွယ်ဘဲဖြစ်သွားတဲ့ကိစ္စအတွက် ဝမ်းနည်းကြောင်း၊ သတင်းထောက် နှစ်ယောက်ဟာ နယ်မြေခံဝန်ထမ်းရဲ့ခွင့်ပြုချက်ရလို့သာ ဝင်ရောက်ခဲ့တာဖြစ်ပေမဲ့ ကျောင်းခန်းထဲကနေသတင်းတင်ဆက်တဲ့ ဖိုင်ကိုတော့ ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်က ရဲဝန်ထမ်းဟောင်းတစ်ဦးဟာ မူကြိုကျောင်းထဲဝင်ရောက်ပြီး အိပ်ပျော်နေတဲ့ကလေးတွေကိုရော ဆရာမတွေကိုပါ သေနတ်နဲ့ပစ်၊ ဓားနဲ့ခုတ်ခဲ့သလို လမ်းပေါ် က တွေ့သမျှလူတွေကို ကားနဲ့တိုက် သေနတ်နဲ့ပစ်ခတ်တာကြောင့် အသက် ၅ နှစ်အောက် ကလေး ၂၄ ယောက် ၊ မွေးဖွားခါနီးကိုယ်ဝန်ဆောင်ဆရာမနဲ့ ရပ်ကွက်ထဲကပြည်သူ စုစုပေါင်း ၃၈ ဦးသေ ဆုံးခဲ့ရပါတယ်။
အလောင်းတွေဟာ သွေးပျက်ဖွယ်ဖြစ်သလို စိတ်ချောက်ချားစရာသတင်းဖြစ်တာကြောင့် သေဆုံးဒဏ်ရာရသူတွေရဲ့ ဓာတ်ပုံတွေမဖော်ပြဖို့ သက်ဆိုင်ရာက မေတ္တာရပ်ခံပါတယ်။
ကိုးကား - dailynews.co.th
ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၇ ယောက် သေဆုံးခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ နောင်ဘိုလမ်းဖူးခရိုင်၊ ဥထိုင်းဆဝမ် မူကြိုကလေးထိန်းကျောင်း ပစ်ခတ်မှုမှာ သေဆုံးသွားခဲ့ရသူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အနေနဲ့ ထိုင်းတနိုင်ငံလုံး ဒီကနေ့ အောက်တိုဘာ ၇ ရက်မှာ နိုင်ငံတော်အလံကို တိုင်ဝက်ထိ လျှော့ချလွှင့်ထူခဲ့ပါတယ်။
ဒီကနေ့မနက်မှာ သေဆုံးသူရဲ့ မိဘဆွေမျိုးနဲ့ မြို့သူမြို့သားတွေရော ဌာနဆိုင်ရာ အသီးသီးကပါ လွမ်းသူ့ပန်းခွေတွေ လာချကြပြီး ထိုင်းတော်ဝင်မိသားစု ကိုယ်စားလှယ်တော်တွေကလည်း အခမ်းအနားနဲ့ ပန်းခွေလာချသွားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသဖို့ ထိုင်းဘုရင်နဲ့ မိဖုရားက လူနာရှင်အဖြစ်ခံယူပြီး သေဆုံးသူ မိဘဆွေမျိုးတွေအတွက် နစ်နာကြေးတွေလည်း ပေးအပ်သွားမယ်လို့ မင်းတိုင်ပင်အမတ် ဗိုလ်ချုပ်ကြီး စူလာယုဒ်ကျူးလားနွန်းက ဆေးရုံမှာ ဒဏ်ရာရလူနာတွေကို လာရောက်အားပေးစဉ် ပြောကြားခဲ့ပါတယ်။
ဘုရင်နဲ့ မိဖုရားလည်း ဒီကနေ့ညနေပိုင်းမှာ သေဆုံးဒဏ်ရာရသူရဲ့ မိသားစုဝင်တွေကို ကိုယ်တိုင် လာရောက်တွေ့ဆုံအားပေးဖို့ ရှိနေတယ်လို့ 3PlusNews သတင်းမှာ ဖော်ပြပါတယ်။ အလားတူ ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ကျန်အိုးချားလည်း လာရောက်မှာ ဖြစ်ပါတယ်။
ထိုင်းတရားရေးဝန်ကြီးဌာန အနေနဲ့လည်း ရာဇဝတ်မှု ဓားစာခံဖြစ်ရသူတွေအတွက် ထောက်ပံ့ကြေး ရန်ပုံငွေကနေ သေဆုံးဒဏ်ရာရသူအတွက် တယောက်ကို ဘတ် ၁၁၀,၀၀၀ လာရောက်ထောက်ပံ့ပေးမှာဖြစ်ကြောင်း၊ ကျူးလွန်သူဘက်ကတော့ ထောက်ပံ့ကြေး လုံးဝရရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီပစ်ခတ်သတ်ဖြတ်မှုမှာ ဒဏ်ရာရပြီး ဆေးရုံရောက်လာသူ ၁၀ ယောက်ရှိတဲ့အနက် ၃ ယောက် ဆေးရုံမှဆင်းသွားပြီဖြစ်ပြီး ကျန် ၇ ယောက်က အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း၊ သူတို့ဟာ သေနတ်ထိမှန်ဒဏ်ရာနဲ့ ဓားခုတ်ခံရတဲ့ ဒဏ်ရာတွေ ရခဲ့တာလို့ ဆေးရုံမှာ သွားရောက်သတင်းယူနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။
ကျူးလွန်သူ ရဲဝန်ထမ်းဟောင်းဟာ ပထမဆုံး မူကြိုကျောင်းရှေ့မှာ ထမင်းထိုင်စားနေတဲ့ ဝန်ထမ်းတယောက်နဲ့ ၁၂ နှစ်အရွယ် ကလေးတယောက်ကို သေနတ်နဲ့အရင်ပစ်ပြီး ကျောင်းခန်းထဲမှာ သေနတ်နဲ့လည်းပစ် ဓားနဲ့လည်း ထိုးသတ်ခဲ့ရာမှာ အသက် ငါးနှစ်အောက် ကလေးငယ် ၂၂ ယောက်နဲ့ မူကြိုဆရာမ နှစ်ယောက်လည်း ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ဒါ့အပြင် ဆရာမတယောက်ဟာ ကိုယ်ဝန် ၈ လ လွယ်ထားပြီး နောက်လမှာ မွေးဖွားတော့မှာ ဖြစ်ပါတယ်။ အပြင်မှာ ပစ်ခတ်သံကြားလို့ ဆရာမတွေက ကျောင်းတံခါးတွေ ပိတ်ထားလိုက်ပေမဲ့ ပစ်ခတ်သူက တံခါးကို သေနတ်နဲ့ပစ်ခတ်ဖောက်ခွဲပြီး ဝင်လာခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်ချိန်မှာ ကလေးတွေဟာ နေ့ခင်း အိပ်မောကျနေချိန်ဖြစ်ပြီး ကံကောင်းတဲ့ ကလေးတယောက်ကတော့ စောင်ကို ခေါင်းမြီးခြုံပြီးအိပ်နေလို့ သေနတ်သမားက သေပြီအထင်နဲ့ ထားခဲ့တာကြောင့် အဆိုပါကလေးငယ်တယောက်သာ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။
သေနတ်သမားဟာ သူ့သားကို အဲဒီကျောင်းမှာ အပ်နှံထားပြီး အရင်က ကလေးကို လာကြိုလာပို့တိုင်း ဆရာမတွေကို ယဉ်ကျေးရိုသေစွာ ဆက်ဆံကြောင်း၊ သူ့သားကတော့ ကျောင်းမတက်တာ တလလောက်ရှိပြီဖြစ်ပြီး အဲဒီနေ့က ကျောင်းကို ဘာဖြစ်လို့ရောက်လာပြီး ဘာလို့ အဲလိုလုပ်သွားတာကို စဉ်းစားမရသလို လုံးဝလည်း ထင်မထားဘူးလို့ ဆရာမက သတင်းထောက်တွေကို ပြောပါတယ်။
သေနတ်သမားဟာ ကျောင်းထဲမှာ ပစ်ခတ်ပြီးနောက် ၃ ကီလိုမီတာလောက်ဝေးတဲ့ သူ့အိမ်ကိုပြန်ခဲ့ရာ အပြန်လမ်းမှာ တွေ့သမျှ ဆိုင်ကယ်တွေ ဝင်တိုက်ကာ တွေ့ကရာလူတွေကို ပစ်ခတ်ခဲ့ပါတယ်။ ဆိုင်ကယ်လဲကျသွားချိန် သူက ကားပေါ်ကဆင်းလာပြီး မသေသေအောင် သေနတ်နဲ့ ထပ်ပစ်ခဲ့သေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
အဲဒီလမ်းတလျှောက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်လောက်ရှိပြီး တချို့က ဆေးရုံရောက်မှ ဆုံးသွားပါတယ်။
သူဟာ လမ်းမှာ ပစ်ခတ်ပြီးနောက် အိမ်ထဲမဝင်ခင် အိမ်ဘေးမှာ သူ့ကားသူ မီးရှို့လိုက်ပြီး အိမ်ထဲက ဇနီးနဲ့ ၂ နှစ်အရွယ်သားလေးကို ပစ်ခတ်ကာ နောက်ဆုံး သူ့ကိုယ်သူပြန်ပစ်ပြီး အဆုံးစီရင်သွားပါတယ်။ ဒီဖြစ်ရပ်မှာ ရဲတွေက သူ့နောက်ကို လိုက်လံဖမ်းဆီးချိန် သွားဝိုင်းထားတဲ့ အချိန်တွေမှာ ဖြစ်ခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားရဲတပ်ဖွဲ့က မနေ့ညက သတင်းစာရှင်းလင်းရာမှာ သေဆုံးသူ စုစုပေါင်း ၃၈ ဦးရှိသွားပြီလို့ ရဲချုပ်ကြီး ဒမ်းရုန်းဆဒ်က ပြောပါတယ်။
ကျူးလွန်သူဟာ ရဲတပ်ကြပ်အဆင့်ရှိ ပန်းယားခမ်းလပ် (၃၄ နှစ်) ဖြစ်ပြီး ဒီနှစ်ဆန်းပိုင်းက မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဝန်ထမ်းအဖြစ်မှ ရပ်စဲခံထားရသလို လက်ရှိလည်း တရားရုံးမှာ အမှုရင်ဆိုင်နေရဆဲပဲလို့ ဆိုပါတယ်။
ပစ်ခတ်မှုကျူးလွန်တဲ့မနက်မှာ တရားရုံးအမှုချိန်းကို သွားခဲ့ပြီး တရားသူကြီးက အောက်တိုဘာ ၇ ရက်နေ့မှာ လာဖို့ ထပ်ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။
အခုလိုဖြစ်သွားရတာဟာ ကျူးလွန်သူမှာ စိတ်ဖိစီးမှုတွေရှိနေပြီး မူးယစ်ဆေး သုံးစွဲထားတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ပါတယ်။
သူ့ကိုယ်ထဲမှာ မူးယစ်ဆေးပမာဏ ဘယ်လောက်သုံးစွဲထားလဲ ဆိုတာကို ဆရာဝန်တွေ ဓာတ်ခွဲပြီးမှ အတည်ပြုနိုင်ကြောင်း၊ တခြားအကြောင်းအချက်တွေမှာလည်း သက်ဆိုင်ရာ မိဘဆွေမျိုးတွေ ပူပင်သောကရောက်နေချိန်မို့ ဘာမှ စစ်ဆေးမေးမြန်းလို့ မရနိုင်သေးဘူးလို့ ရဲချုပ်ကြီးက ပြောသွားပါတယ်။
ကျူးလွန်သူဟာ အထက်တန်းကျောင်းသားဘဝကတည်းက မူးယစ်ဆေးစသုံးခဲ့တယ်လို့ တရားရုံးမှာ ဖွင့်ဟဝန်ခံထားကြောင်း တချို့သတင်းတွေမှာ ဖော်ပြပေမဲ့ မိခင်ဖြစ်သူကတော့ သူ့သားဟာ ထိုင်းအရှေ့မြောက်ပိုင်းကို တာဝန်ကျတဲ့အချိန်မှ သုံးစွဲတာ သိရတယ်လို့ ပြောပါတယ်။
မိခင်က စိတ်ကြွဆေးမသုံးဖို့ အတန်တန်တားမြစ်ခဲ့ပေမဲ့ နားမထောင်ခဲ့ကြောင်း၊ သူ့သားဟာ ဒီမတိုင်ခင်ရှေ့က မိန်းမနဲ့လည်း အကြီးအကျယ် ရန်ဖြစ်ထားကြောင်း၊ တရားရုံးကပြန်လာပြီး အမေနဲ့တွေ့တော့ အမေ့ကိုတောင် ကျေးဇူးမဆပ်ရသေးဘူးဆိုတဲ့ စကားကို ထူးထူးဆန်းဆန်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်မှာ မိခင်လည်း စိတ်ထိခိုက်လွန်းလို့ မူးမေ့မတတ်ဖြစ်ရကြောင်း၊ သားဖြစ်သူရဲ့ လုပ်ရပ်အတွက် သေဆုံးဒဏ်ရာရသူတွေ အားလုံးကို ဝန်ချတောင်းပန်ကြောင်း ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ တကြိမ်တခါမှ မဖြစ်ခဲ့ဘူးတဲ့ ဖြစ်ရပ်ဆိုးအတွက် နိုင်ငံခြားသံရုံးတွေ၊ နိုင်ငံတကာ အကြီးအကဲနဲ့ ယူနီဆက်ဖ် လူမှုအဖွဲ့အစည်းတွေကလည်း ဝမ်းနည်းကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ် ရှုတ်ချကြောင်း အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
PhotoCredit- KhaoSod
ကိုးကား - ThaiPBS / 3PlusNews/ Nation TV / Workpoint News