close

ထိုင်းမူကြိုကျောင်းပစ်ခတ်မှုတွင် ခွင့်ပြုချက်မရှိဘဲ ကျောင်းခန်းထဲဝင်ရောက်ခဲ့သည့် CNN သတင်းထောက် ၂ ဦး အရေးယူခံရ

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နောင်ဘိုလမ်းဖူးခရိုင်၊ နားကလန်မြို့ ဥထိုင်းဆဝမ်နေ့ကလေးထိန်း ကျောင်းမှာ လူပေါင်း ၃၀ ကျော်ပစ်ခတ်ခံရတာနဲ့ပတ်သက်ပြီး အခင်းဖြစ်ပွားခဲ့ ကျောင်းခန်းထဲအထိ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်သတင်းယူခဲ့တဲ့ CNN သတင်းထောက် နှစ်ယောက်ကို သက်ဆိုင်ရာအာဏာပိုင်တွေက အရေးယူလိုက်ပါတယ်။

CNN သတင်းထောက် ဩစတြေးလျနိုင်ငံသူ မစ်စ်အဲန်နာနဲ့ ဗြိတိန်နိုင်ငံသား မစ္စတာ အယ်နီရယ်တို့ နှစ်ယောက်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ကျောင်းခန်းထဲ ထိဝင်ရောက်သတင်းယူခဲ့ပြီး ပြန်ထွက်လာတော့ ကြိုးနီတားထားတဲ့  ခြံစည်းရိုးကို ကျော်ခွနေတဲ့ ပုံတွေ ထိုင်းလူမှုကွန်ရက်မှာ ပျံ့နှံ့သွားပါတယ်။ 

ဒါကြောင့် ဥထိုင်းဆဝမ်ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဆိုပါနိုင်ငံခြားသတင်းထောက် နှစ်ယောက်ကို ဌာနဆိုင်ရာအဆောက်အဦထဲ ခွင့်ပြုချက်မရဘဲ ဝင်ရောက်ကျူးကျော်မှု၊ မှုခင်းသက်သေအထောက်အထားရှိတဲ့နေရာကို ခွင့်ပြုချက်မရဘဲ ဝင်ရောက်ရိုက်ကူးမှု စတဲ့စွဲချက် နှစ်ခုနဲ့ နားကလန်နယ်မြေ ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ 

အဆိုပါနိုင်ငံခြားသတင်းထောက် နှစ်ယောက်ဟာ  ဥထိုင်းဌာနီမြို့ရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေကြောင်း စုံစမ်းသိရှိရတဲ့အတွက် ရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ထိုင်းရဲချုပ်ဆူရချေ့်ဟတ်ဖန်းကိုယ်တိုင် လာရောက်စစ်ဆေးခဲ့ပါတယ်။ 

သတင်းထောက်နှစ်ယောက်ကတော့  သူတို့ ဝင်သွားတုန်းက အဲဒီနေရာမှာ ကန့်သတ်ကြိုးတ တားထားတာ မရှိသေးဘဲ  အထဲကိုမဝင်ခင်ကလည်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းကို Can I come in လို့ အရင်မေးခဲ့ကြောင်း၊  ဝန်ထမ်းက လက်ပြလို့ ဝင်သွားခဲ့တာဖြစ်ပြီး ပြန်ထွက်လာတော့ ဝင်းတံခါးပိတ်ထားလို့ ခြံစည်းရိုးကို ကျော်ခွပြီးမှထွက်လာရသလို ကြိုးနီတွေလည်း သူတို့ထွက်လာမှ တွေ့ရတယ်လို့ ထွက်ဆိုပါတယ်။

ရဲချုပ်က  သူတို့ရဲ့နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာ စစ်ဆေးရာမှာ အလည်အပတ်ဗီဇာနဲ့  အောက်တိုဘာ ၆ ရက်က ဝင်ရောက်လာပြီး ဒီနှစ်နိုဝင်ဘာ ၁၉ ရက်မှ ဗီဇာကုန်ဆုံးမှာဖြစ်ကြောင်း၊ ဒါပေမဲ့ သူတို့ဟာ နယ်မြေထဲကွင်းဆင်းပြီး သတင်းထောက်အလုပ် လုပ်ခဲ့ကြောင်း၊ ဒါကြောင့် လဝကဥပဒေအရ ဗီဇာရုပ်သိမ်းပြီး အလုပ်သမားဥပဒေအရ  အလုပ်လုပ်ခွင့်မရှိဘဲ လာပြီး အလုပ်လုပ်လို့ ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေ ၁၀၀၀၀ ထိပေးဆောင်ရမယ်လို့ ပြောသွားပါတယ်။

သူတို့ကို အထဲဝင်ခွင့်ပြုခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းဟာ သတင်းထောက်တွေကို ဝင်ခွင့်ပေးပိုင်ခွင့် အာဏာရှိ၊ မရှိကို ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဆိုပါတယ်။

CNN သတင်းထောက် နှစ်ယောက်ကလည်း ဒဏ်ငွေ ဘတ် ၅၀၀၀ စီ ပေးဆောင်ပြီး ထိုင်းပြည်သူတွေကို တောင်းပန်ကြောင်း ပြောကြားကာ နေရပ်ကို ပြန်သွားခဲ့ပြီဖြစ်ပါတယ်။ 

မူကြိုကျောင်းကလေးတွေ အကြမ်းဖက်ခံရကြောင်း သတင်းတင်ဆက်မှုကို CNN သတင်းချယ်နယ်မှာ အောက်တိုဘာ ၈ ရက်က  ၃ မိနစ်ကျော် ထုတ်လွှင့်ခဲ့ပြီးနောက် အဆိုပါသတင်းထောက် နှစ်ယောက်ကို  သတင်းကျင့်ဝတ်နဲ့မညီကြောင်း ထိုင်းသတင်းစာဆရာများအသင်း (Thai Journalist Association)၊ ထိုင်းရှေ့နေများအသင်းနဲ့ ဘန်ကောက်အခြေစိုက် နိုင်ငံခြားသတင်းထောက်များအသင်း FCCT တို့က ကန့်ကွက်စာထုတ်ပြန်ခဲ့ကြပါတယ်။ 

အဲဒီနောက် CNN သတင်းဌာနကလည်း မရည်ရွယ်ဘဲဖြစ်သွားတဲ့ကိစ္စအတွက် ဝမ်းနည်းကြောင်း၊ သတင်းထောက် နှစ်ယောက်ဟာ နယ်မြေခံဝန်ထမ်းရဲ့ခွင့်ပြုချက်ရလို့သာ ဝင်ရောက်ခဲ့တာဖြစ်ပေမဲ့ ကျောင်းခန်းထဲကနေသတင်းတင်ဆက်တဲ့ ဖိုင်ကိုတော့ ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်က  ရဲဝန်ထမ်းဟောင်းတစ်ဦးဟာ မူကြိုကျောင်းထဲဝင်ရောက်ပြီး အိပ်ပျော်နေတဲ့ကလေးတွေကိုရော ဆရာမတွေကိုပါ သေနတ်နဲ့ပစ်၊ ဓားနဲ့ခုတ်ခဲ့သလို လမ်းပေါ် က တွေ့သမျှလူတွေကို ကားနဲ့တိုက် သေနတ်နဲ့ပစ်ခတ်တာကြောင့် အသက် ၅ နှစ်အောက် ကလေး ၂၄ ယောက် ၊ မွေးဖွားခါနီးကိုယ်ဝန်ဆောင်ဆရာမနဲ့ ရပ်ကွက်ထဲကပြည်သူ စုစုပေါင်း ၃၈ ဦးသေ ဆုံးခဲ့ရပါတယ်။

အလောင်းတွေဟာ သွေးပျက်ဖွယ်ဖြစ်သလို စိတ်ချောက်ချားစရာသတင်းဖြစ်တာကြောင့် သေဆုံးဒဏ်ရာရသူတွေရဲ့ ဓာတ်ပုံတွေမဖော်ပြဖို့ သက်ဆိုင်ရာက မေတ္တာရပ်ခံပါတယ်။ 

ကိုးကား - dailynews.co.th

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up