ထိုင်းမူကြိုကျောင်းပစ်ခတ်မှုအပြီး မူးယစ်ဆေးဝါးစစ်ဆင်ရေး အရှိန်မြှင့်မည်

ထိုင်းနိုင်ငံမှာ လူပေါင်း ၃၈ ယောက် သေဆုံးခဲ့တဲ့ မူကြိုကျောင်းပစ်ခတ်မှုအပေါ် သင်ခန်းစာယူပြီး နောက်နောင်အလားတူဖြစ်ရပ်ဆိုးမျိုး မပေါ်ပေါ်က်ဖို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့နဲ့ လက်နက်ကိုင်ဆောင်သူတွေကိုလည်း ပြန်လည်စိစစ်တော့မယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုပါတယ်။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရှိန်မြှင့်ဖို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယုဒ် ကျန်အိုးချားက ညွှန်ကြားခဲ့ပြီးတဲ့နောက် ထိုင်းရဲတပ်ဖွဲ့နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး အရေးပေါ်အစည်းအဝေးတရပ်ကို အောက်တိုဘာ ၇ ရက်က ကျင်းပခဲ့တယ်လို့ ပြည်ထဲရေးဌာန အတွင်းဝန် နိုင်းဆူ ထိဖုန်း ကျွန်းကျရိုန်းက သတင်းထောက်တွေကို ပြောပါတယ်။
အစည်းအဝေးမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးအတွက် အဓိကအချက် ၅ ချက် ဆောင်ရွက်သွားဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါအချက်တွေမှာ မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်ပြီး တာဝန်ထမ်းဆောင်နေရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ အဖွဲ့ဝင်တွေကို Re X- Ray စစ်ဆေးဖို့၊ မူးယစ်ဆေးသုံးစွဲသူတွေ တွေ့ရှိက ဆေးဖြတ် စခန်းပို့ဖို့၊ ရပ်ထဲရွာထဲမှာ မူးယစ်ဆေးစောင့်ကြည့်ရေးကော်မတီဖွဲ့ပြီး မသင်္ကာစရာတွေ စောင့်ကြပ် စစ်ဆေးဖို့ အချက်တွေ ပါဝင်ပါတယ်။
ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့အဖွဲ့က မိမိရပ်ရွာတွင်း မူးယစ်ဆေးဝါးအန္တရာယ်ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ ခရိုင်ဝန်တွေ မြို့နယ်အုပ်ချုပ်ရေးဌာနတွေကလည်း ရပ်ကွက်/ကျေးရွာအတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်းတွေကို ထောက်ပံ့ပေးဖို့၊ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ သတင်းပေးသူတွေကို ဆုချတာ ၊ သူတို့ရဲ့ကိုယ်ရေးအချက်အလက်နဲ့ လုံခြုံရေးတာဝန်ယူပေးဖို့ လည်းပါပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ဆောင်ခွင့်ရှိသူတွေကို ပြန်လည်စိစစ်ပြီး လက်နက်ကိုင်ခွင့်ရှိသူတွေ လိုက်နာရမယ့် စည်းကမ်းချက်နဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ၊ စိတ်ကျန်းမာရေးအခြေအနေ၊ လက်နက်နဲ့ အာဏာကို အလွဲသုံးစားပြုကာ ပြည်သူများအပေါ် ခြိမ်းခြောက်တာ ရှိ၊ မရှိ စတဲ့ အချက်တွေ ပြန်လည်စစ်ဆေးပြီး မညီညွတ်ပါက လက်နက်ကိုင်ဆောင်ခွင့် လိုင်စင်ပြန်လည်ရုပ်သိမ်းဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
မူးယစ်ဆေးဝါးစစ်ဆင်ရေးအရှိန်မြှင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းတရားရေးဝန်ကြီး နိုင်းဆုမ်ဆဒ် ထိပ်ဆူထင်းကလည်း မူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံမြောက်ပိုင်းရဲ့နယ်စပ် တဘက်ကမ်းကနေ ထွက်ရှိနေတာလို့ သတင်းဌာနတွေကို ပြောပါတယ်။
အဲဒီမှာ အဖွဲ့ပေါင်း ၇ ဖွဲ့ကနေ မူးယစ်ဆေးဝါးထုတ်လုပ်နေကြောင်း ၊ အထူးသဖြင့် စိတ်ကြွ ဆေးပြားတစ်နေ့ကို အလုံးရေသန်းပေါင်း ၂၈၀ ကျော် ထုတ်လုပ်နေတယ်လို့ စုံစမ်းသိရှိရကြောင်း ၊ ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာရှိမနေတော့ ဝင်ရောက်နှိမ်နင်းလို့မရဘဲ နိုင်ငံထဲဝင်ရောက် လာတဲ့ချိန်မှ ဖမ်းဆီးအရေးယူတာ ၊ ဆက်နွှယ်နေသူတွေကိုစုံစမ်းအရေးယူတာ ၊ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ပိတ်ပင်သိမ်းဆည်းတာတွေပဲ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းတနိုင်ငံလုံး စိတ်ကြွဆေးနေရာတိုင်းအလွယ်တကူဝယ်နိုင်တယ်ဆိုတဲ့ လူမှုကွန်ရက်စွပ်စွဲ ချက်တွေကတော့ မမှန်ကန်ကြောင်း၊ တနိုင်ငံလုံးရှိ ရပ်ကွက်/ကျေးရွာ ရာခိုင်နှုန်း ၂၀ လောက်သာ ရောင်းဝယ်မှုတွေရှိတယ်လို့ စုံစမ်းသိရှိရပြီး လျော့ပါးသွားအောင် အတတ်နိုင်ဆုံး ဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားသွားပါတယ်။
ကိုးကား - ချနယ်လ်၃ ထိုင်းတီဗွီသတင်း ၊ ချင်းမိုင်နယူးစ်