ထိုင်းနိုင်ငံထဲကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို သတ်မှတ်ထားတဲ့ကာလထက် ပိုမိုကြာရှည်နေနိုင်ဖို့ အခကြေးငွေယူပြီး မမှန်မကန် ဗီဇာထုတ်ပေးနေတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်ပေါင်း ၈၀ ကျော်ကို အရေးယူသွားမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။
အဆိုပါ လဝကရဲတပ်ဖွဲ့ဝင် ၈၀ ဦးဟာ အမှတ် ၄ နဲ့ အမှတ် ၅ တိုင်းဒေသရဲဌာနချုပ် လက်အောက်ခံဖြစ်ပြီး သူနဲ့ ရဲသင်တန်းကျောင်း တနှစ်တည်းဆင်းခဲ့သူ လုပ်ဖော်ကိုင်ဘက် ရဲမှူးချုပ် ၃ ဦးပါ ပါဝင်ကြောင်း၊ သူတို့အားလုံးကို ခေါ်ယူစစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အမှုတွဲတည်ဆောက်တာ ၉၀ ရာခိုင်နှုန်း ပြီးစီးသွားပြီလို့ ဆိုပါတယ်။
ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးပါက ဒီလ ၃၀ ရက်နေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တင်ပြသွားဖို့ရှိကြောင်း၊ ဒီအမှုမှာ ဘက်မလိုက်ဘဲ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကာ ပုဒ်မ ၁၅၇ အရ တာဝန်ဝတ္တရားအလွဲသုံးစားပြုမှု ပုဒ်မ ၁၄၉ အရ အဂတိမှုတွေနဲ့ တရားစွဲသွားမယ်လို့ ဆိုပါတယ်။
အခုလို လဝကရဲတပ်ဖွဲ့ဝင် ၈၀ ဦးကို အရေးယူလိုက်ခြင်းအားဖြင့် လဝကရဲတပ်ဖွဲ့တခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်နိုင်မလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဒုရဲချုပ်က ထိုင်းနိုင်ငံမှာ လဝကရဲတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်ရှိကြောင်း၊ အဲဒီထဲက ကျင့်ဝတ်နဲ့မညီညွတ်တဲ့ ၈၀ ဦးကို ဖယ်ရှားလိုက်ခြင်းအားဖြင့် တပ်ဖွဲ့ကြီးအတွက် ပိုပြီးကောင်းမွန်သွားမယ်လို့ ဖြေကြားသွားပါတယ်။
ထိုင်းနိုင်ငံမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တချို့ဟာ တရားမဝင်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်တာကို တွေ့ရှိနှိမ်နင်းရာက အမှုမှာ ဆက်နွှယ်သူအတော်များများ မသမာတဲ့နည်းနဲ့ ရထားတဲ့ ဗီဇာတွေနဲ့ နေထိုင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
ထိုင်းနိုင်ငံမှာ ရက်ပေါင်းရှည်ကြာ နေထိုင်နိုင်ဖို့ အယောင်ပြဖောင်ဒေးရှင်း၊ ဘာသာရပ်သင်တန်းတွေ ဖွင့်လှစ်ကာ စေတနာ့ဝန်ထမ်းဗီဇာ၊ ကျောင်းသားဗီဇာတွေနဲ့ နေထိုင်ပြီး တရားမဝင်လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေကြောင်း၊ တချို့လုပ်ငန်းတွေဟာ သမာအာဇီဝဖြစ်ပေမဲ့လည်း ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိကြောင်း၊ နိုင်ငံခြားသားတွေက အဆိုပါလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခြင်းအားဖြင့် မိမိနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးစေပြီး နိုင်ငံ့ဝင်ငွေမှာ ထိခိုက်စေတယ်လို့ ဒီအမှုကို ကူညီဖော်ထုတ်ပေးနေတဲ့ ထိုင်းလွှတ်တော်အမတ်ဟောင်း ခွန်ချူဝစ်ကမွန်ဝိဆစ်က ပြောပါတယ်။
တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း မမှန်ကန်တဲ့ဗီဇာနဲ့ နေထိုင်သူ နိုင်ငံခြားသားပေါင်း ၅,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသားအများစု ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဥပဒေမဲ့လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို အားပေးကူညီတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက အောက်ခြေအဆင့်ကနေ ရဲချုပ်အဆင့်ထိ ဝန်ထမ်းတွေကိုကျောသားရင်သားမခွဲဘဲ အရေးယူ အပြစ်ပေးသွားမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒုရဲချုပ် ဆူရချေ့ဟာ ဒီဇင်ဘာ ၁၂ ရက်က ရဲချုပ်ကြီး ဒမ်းရုန်းဆဒ် ကစ်သီပဖတ်နဲ့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်တွေကို ပြောလိုက်တာပါ။
ဒုရဲချုပ်က နိုင်ငံခြားသား အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံထဲမှာ ကြာရှည်နေနိုင်အောင် တရားမဝင် ဗီဇာပြောင်းပေးမှု၊ ဗီဇာတုံးထုပေးမှုတွေနဲ့ ပတ်သက်ပြီး ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ လဝကရဲစခန်း ၂၇ ခုကို စစ်ဆေးခဲ့တာပါ။
အဆိုပါစစ်ဆေးမှုမှာ မိမိအမည်နဲ့ရာထူးပါ လက်မှတ်ထိုးတားတဲ့သက်သေ ခိုင်လုံစွာတွေ့ရှိခဲ့လို့ မငြင်းဆန်နိုင်ဘဲ ငိုကျွေးခဲ့တဲ့ ဝန်ထမ်းလည်းရှိကြောင်း၊ အမှုနဲ့ပတ်သက်နေသူထဲမှာ မိမိနဲ့ တသုတ်တည်း ကျောင်းပြီးပြီး အလွန်ရင်းနှီးတဲ့ ရဲချုပ်ဟောင်း ၁ ဦးပါ ပါဝင်ကြောင်း၊ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးက သပ်သပ်၊ တာဝန်ဝတ္တရားကသပ်သပ်၊ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒီမတိုင်ခင်က တရုတ်သူဌေးတွေရဲ့ ဒုစရိုက်လုပ်ငန်းတွေ ဖော်ထုတ်သတင်းပေးခဲ့သူ ထိုင်းလွှတ်တော်အမတ်ဟောင်း နိုင်းချူဝစ် ကမွန်ဝိဆစ်က အမှုထဲမှာ ရာထူးကြီးတဲ့ ရဲအရာရှိတွေ၊ ရဲချုပ်နဲ့ ရင်းနှီးသူတွေပါနေလို့ ရဲတပ်ဖွဲ့အနေနဲ့ အချင်းချင်း အရေးယူဝံ့မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒုရဲချုပ် ဆူရချေ့ကတော့ မိမိဟာ ခံစားချက်ပေါ် မူတည်လုပ်ဆောင်တာမဟုတ်ဘဲ သက်သေအထောက်အထားပေါ် မူတည်ဆောင်ရွက်တာဖြစ်ကြောင်း၊ အမှုနှောင့်နှေးနေတာဟာ ခိုင်လုံတဲ့ သက်သေတွေ အကုန်မရသေးလို့ဖြစ်တယ်လို့ ပြောပါတယ်။
လက်ရှိအဖမ်းခံထားရတဲ့ တရုတ်သန်းကြွယ်သူဌေးကြီး တုဟောင်မှာ တရုတ်ဘာသင်ကျောင်းနဲ့ ဖောင်ဒေးရှင်းထူထောင်ထားကြောင်း၊ အဆိုပါ ဘာသာစကားသင်တန်းနဲ့ ဖောင်ဒေးရှင်းမှာ လွန်ခဲ့တဲ့ ၂၀၂၂ မှ ၂၀၂၁ အတွင်း စေတနာ့ဝန်ထမ်း ၃,၀၀၀ ကျော်ရှိပြီး သူတို့တွေဟာ ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ ဦးစွာဝင်ရောက်လာပြီး စေတနာ့ဝန်ထမ်းဗီဇာ၊ ကျောင်းသားဗီဇာအဖြစ် ပြောင်းလဲကာ နှစ်ရှည်လများ နေထိုင်တာလို့ ဆိုပါတယ်။
သာမန် အလည်အပတ်ဗီဇာမှာ ရက်ပေါင်း ၃၀ မှ ၆၀ ထိသာ နေခွင့်ရှိပြီး စေတနာ့ဝန်ထမ်းနဲ့ ကျောင်းသားဗီဇာမှာ ၁ ကြိမ်ကို ၁ နှစ်နဲ့ သက်တမ်းထပ်တိုးလို့ ရပါသေးတယ်။
စေတနာ့ဝန်ထမ်းနဲ့ ဗီဇာပြောင်းခအတွက် ၁ ဦးကို ဘတ် ၁ သိန်းမှ ၃ သိန်းထိ ပေးရကြောင်း၊ အဆိုပါငွေတွေကို ထိုင်းလဝကရဲကိုပါ ပေးရကြောင်း၊ ဒါကြောင့် တုဟောင်ရဲ့ ဖောင်ဒေးရှင်းက ဝင်ငွေဟာ ဘတ်သန်းပေါင်းထောင်ချီရပြီး စေတနာ့ဝန်ထမ်း အယောင်ပြသူတွေဟာ ဥပဒေမဲ့လုပ်ငန်းတွေ လုပ်နေတာလို့ နိုင်းချူဝစ် ကမွန်ဝိဆစ်က သတင်းစာရှင်းပွဲလုပ်ပြီး ထောက်ပြခဲ့ပါတယ်။
လတ်တလော ထိုင်းနိုင်ငံ ခရိုင်အသီးသီးက သံသယဖြစ်ဘွယ် ဖောင်ဒေးရှင်းတွေကို သက်ဆိုင်ရာက သွားရောက်စစ်ဆေးနေပါတယ်။
ဒီဇင်ဘာ ၁၁ ရက်ကလည်း ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ပါတောင်းမြို့နယ်ရှိ တရုတ်နဲ့ တခြားနိုင်ငံခြားသားတွေကို ဗီဇာအမျိုးအစားပြောင်းပေးတဲ့ အေးဂျင့်တခုကို သွားရောက်ဖမ်းဆီး အရေးယူခဲ့ပါတယ်။
ကိုးကား - Channel 3 TV News / Thestandard News / Ch 7 HD News