close

ဒုစရိုက်တရုတ်စီးပွားရေးသမားများကို ကူညီပေးသည့် ထိုင်းလဝကရဲများ အရေးယူခံရမည်

ထိုင်းနိုင်ငံမှာ ဥပဒေမဲ့လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို အားပေးကူညီတဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက အောက်ခြေအဆင့်ကနေ ရဲချုပ်အဆင့်ထိ ဝန်ထမ်းတွေကိုကျောသားရင်သားမခွဲဘဲ အရေးယူ အပြစ်ပေးသွားမယ်လို့  ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ ဟတ်ဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

ဒုရဲချုပ် ဆူရချေ့ဟာ ဒီဇင်ဘာ ၁၂ ရက်က ရဲချုပ်ကြီး ဒမ်းရုန်းဆဒ် ကစ်သီပဖတ်နဲ့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းထောက်တွေကို ပြောလိုက်တာပါ။

ဒုရဲချုပ်က နိုင်ငံခြားသား အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံထဲမှာ ကြာရှည်နေနိုင်အောင် တရားမဝင် ဗီဇာပြောင်းပေးမှု၊ ဗီဇာတုံးထုပေးမှုတွေနဲ့ ပတ်သက်ပြီး  ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ လဝကရဲစခန်း ၂၇ ခုကို စစ်ဆေးခဲ့တာပါ။

အဆိုပါစစ်ဆေးမှုမှာ မိမိအမည်နဲ့ရာထူးပါ လက်မှတ်ထိုးတားတဲ့သက်သေ ခိုင်လုံစွာတွေ့ရှိခဲ့လို့ မငြင်းဆန်နိုင်ဘဲ ငိုကျွေးခဲ့တဲ့ ဝန်ထမ်းလည်းရှိကြောင်း၊ အမှုနဲ့ပတ်သက်နေသူထဲမှာ မိမိနဲ့ တသုတ်တည်း ကျောင်းပြီးပြီး အလွန်ရင်းနှီးတဲ့ ရဲချုပ်ဟောင်း ၁ ဦးပါ ပါဝင်ကြောင်း၊ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးက သပ်သပ်၊ တာဝန်ဝတ္တရားကသပ်သပ်၊ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင်က တရုတ်သူဌေးတွေရဲ့ ဒုစရိုက်လုပ်ငန်းတွေ ဖော်ထုတ်သတင်းပေးခဲ့သူ ထိုင်းလွှတ်တော်အမတ်ဟောင်း နိုင်းချူဝစ် ကမွန်ဝိဆစ်က အမှုထဲမှာ ရာထူးကြီးတဲ့ ရဲအရာရှိတွေ၊ ရဲချုပ်နဲ့ ရင်းနှီးသူတွေပါနေလို့ ရဲတပ်ဖွဲ့အနေနဲ့ အချင်းချင်း အရေးယူဝံ့မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒုရဲချုပ် ဆူရချေ့ကတော့ မိမိဟာ ခံစားချက်ပေါ် မူတည်လုပ်ဆောင်တာမဟုတ်ဘဲ သက်သေအထောက်အထားပေါ် မူတည်ဆောင်ရွက်တာဖြစ်ကြောင်း၊ အမှုနှောင့်နှေးနေတာဟာ ခိုင်လုံတဲ့ သက်သေတွေ အကုန်မရသေးလို့ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအဖမ်းခံထားရတဲ့ တရုတ်သန်းကြွယ်သူဌေးကြီး တုဟောင်မှာ တရုတ်ဘာသင်ကျောင်းနဲ့ ဖောင်ဒေးရှင်းထူထောင်ထားကြောင်း၊ အဆိုပါ ဘာသာစကားသင်တန်းနဲ့ ဖောင်ဒေးရှင်းမှာ လွန်ခဲ့တဲ့ ၂၀၂၂ မှ ၂၀၂၁ အတွင်း စေတနာ့ဝန်ထမ်း ၃,၀၀၀ ကျော်ရှိပြီး သူတို့တွေဟာ ထိုင်းနိုင်ငံထဲကို အလည်အပတ်ဗီဇာနဲ့ ဦးစွာဝင်ရောက်လာပြီး စေတနာ့ဝန်ထမ်းဗီဇာ၊ ကျောင်းသားဗီဇာအဖြစ် ပြောင်းလဲကာ နှစ်ရှည်လများ နေထိုင်တာလို့ ဆိုပါတယ်။

သာမန် အလည်အပတ်ဗီဇာမှာ ရက်ပေါင်း ၃၀ မှ ၆၀ ထိသာ နေခွင့်ရှိပြီး စေတနာ့ဝန်ထမ်းနဲ့ ကျောင်းသားဗီဇာမှာ ၁ ကြိမ်ကို ၁ နှစ်နဲ့ သက်တမ်းထပ်တိုးလို့ ရပါသေးတယ်။

စေတနာ့ဝန်ထမ်းနဲ့ ဗီဇာပြောင်းခအတွက် ၁ ဦးကို ဘတ် ၁ သိန်းမှ ၃ သိန်းထိ ပေးရကြောင်း၊ အဆိုပါငွေတွေကို ထိုင်းလဝကရဲကိုပါ ပေးရကြောင်း၊ ဒါကြောင့် တုဟောင်ရဲ့ ဖောင်ဒေးရှင်းက ဝင်ငွေဟာ ဘတ်သန်းပေါင်းထောင်ချီရပြီး စေတနာ့ဝန်ထမ်း အယောင်ပြသူတွေဟာ ဥပဒေမဲ့လုပ်ငန်းတွေ လုပ်နေတာလို့ နိုင်းချူဝစ် ကမွန်ဝိဆစ်က သတင်းစာရှင်းပွဲလုပ်ပြီး ထောက်ပြခဲ့ပါတယ်။

လတ်တလော ထိုင်းနိုင်ငံ ခရိုင်အသီးသီးက သံသယဖြစ်ဘွယ် ဖောင်ဒေးရှင်းတွေကို သက်ဆိုင်ရာက သွားရောက်စစ်ဆေးနေပါတယ်။

ဒီဇင်ဘာ ၁၁ ရက်ကလည်း ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင် ဆန်ပါတောင်းမြို့နယ်ရှိ  တရုတ်နဲ့ တခြားနိုင်ငံခြားသားတွေကို ဗီဇာအမျိုးအစားပြောင်းပေးတဲ့ အေးဂျင့်တခုကို သွားရောက်ဖမ်းဆီး အရေးယူခဲ့ပါတယ်။

ကိုးကား - Channel 3 TV News / Thestandard News / Ch 7 HD News 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up