close

နိုင်ငံခြားသား ၅,၀၀၀ ကျော်အတွက် မမှန်မကန် ဗီဇာထုတ်ပေးမှုဖြင့် ထိုင်းလဝကရဲ ၈၀ ကျော် အရေးယူခံရမည်

ထိုင်းနိုင်ငံထဲကို အကြောင်းအမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေကို သတ်မှတ်ထားတဲ့ကာလထက် ပိုမိုကြာရှည်နေနိုင်ဖို့ အခကြေးငွေယူပြီး မမှန်မကန် ဗီဇာထုတ်ပေးနေတဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ဝင်ပေါင်း ၈၀ ကျော်ကို အရေးယူသွားမယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆူရချေ့ဟတ်ဖန်းက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

အဆိုပါ လဝကရဲတပ်ဖွဲ့ဝင် ၈၀ ဦးဟာ အမှတ် ၄  နဲ့ အမှတ် ၅ တိုင်းဒေသရဲဌာနချုပ် လက်အောက်ခံဖြစ်ပြီး သူနဲ့ ရဲသင်တန်းကျောင်း တနှစ်တည်းဆင်းခဲ့သူ လုပ်ဖော်ကိုင်ဘက် ရဲမှူးချုပ် ၃ ဦးပါ ပါဝင်ကြောင်း၊ သူတို့အားလုံးကို ခေါ်ယူစစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အမှုတွဲတည်ဆောက်တာ ၉၀ ရာခိုင်နှုန်း ပြီးစီးသွားပြီလို့ ဆိုပါတယ်။

ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးပါက ဒီလ ၃၀ ရက်နေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တင်ပြသွားဖို့ရှိကြောင်း၊ ဒီအမှုမှာ ဘက်မလိုက်ဘဲ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကာ ပုဒ်မ ၁၅၇ အရ တာဝန်ဝတ္တရားအလွဲသုံးစားပြုမှု ပုဒ်မ ၁၄၉ အရ အဂတိမှုတွေနဲ့ တရားစွဲသွားမယ်လို့ ဆိုပါတယ်။

အခုလို လဝကရဲတပ်ဖွဲ့ဝင် ၈၀ ဦးကို အရေးယူလိုက်ခြင်းအားဖြင့် လဝကရဲတပ်ဖွဲ့တခုလုံးရဲ့ ပုံရိပ်ကို ထိခိုက်နိုင်မလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဒုရဲချုပ်က ထိုင်းနိုင်ငံမှာ လဝကရဲတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော်ရှိကြောင်း၊ အဲဒီထဲက ကျင့်ဝတ်နဲ့မညီညွတ်တဲ့ ၈၀ ဦးကို ဖယ်ရှားလိုက်ခြင်းအားဖြင့် တပ်ဖွဲ့ကြီးအတွက် ပိုပြီးကောင်းမွန်သွားမယ်လို့ ဖြေကြားသွားပါတယ်။

ထိုင်းနိုင်ငံမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တချို့ဟာ တရားမဝင်လုပ်ငန်း ဝင်ရောက်လုပ်ကိုင်တာကို တွေ့ရှိနှိမ်နင်းရာက အမှုမှာ ဆက်နွှယ်သူအတော်များများ မသမာတဲ့နည်းနဲ့ ရထားတဲ့ ဗီဇာတွေနဲ့ နေထိုင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ရက်ပေါင်းရှည်ကြာ နေထိုင်နိုင်ဖို့ အယောင်ပြဖောင်ဒေးရှင်း၊ ဘာသာရပ်သင်တန်းတွေ ဖွင့်လှစ်ကာ စေတနာ့ဝန်ထမ်းဗီဇာ၊ ကျောင်းသားဗီဇာတွေနဲ့ နေထိုင်ပြီး တရားမဝင်လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်နေကြောင်း၊ တချို့လုပ်ငန်းတွေဟာ သမာအာဇီဝဖြစ်ပေမဲ့လည်း ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိကြောင်း၊ နိုင်ငံခြားသားတွေက အဆိုပါလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ခြင်းအားဖြင့် မိမိနိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးစေပြီး နိုင်ငံ့ဝင်ငွေမှာ ထိခိုက်စေတယ်လို့ ဒီအမှုကို ကူညီဖော်ထုတ်ပေးနေတဲ့ ထိုင်းလွှတ်တော်အမတ်ဟောင်း ခွန်ချူဝစ်ကမွန်ဝိဆစ်က ပြောပါတယ်။

တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်အတွင်း မမှန်ကန်တဲ့ဗီဇာနဲ့ နေထိုင်သူ နိုင်ငံခြားသားပေါင်း ၅,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသားအများစု ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up