ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်ဟာ ဘယ်အသင်းမှာမဆိုခြေစွမ်းပြနိုင်ကြောင်း အင်္ဂလန် ကစားသမားဟောင်းတွေဖြစ်တဲ့ ပီတာခရော့ချ်နဲ့ ဂျိုကိုးတို့ကချီးကျူးပါတယ်။
ရိုက်ဟာ ခရစ္စတယ်ပဲလေ့အသင်းနဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ခဲ့ပြီးနောက် ဝက်စ်ဟမ်းအတွက် ပရီးမီးယားလိဂ်ပွဲ ၂၀၀ ပြည့်မြောက်ခဲ့တဲ့ ပဉ္စမမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အသင်းနဲ့ စာချုပ်သက်တမ်းတစ်ရာသီသာကျန်ရှိတော့ပြီး ထိပ်တန်းကလပ်တွေက သူ့ကို ခေါ်ယူလိုနေကြတာပါ။
ရိုက်ဟာ ကွင်းလယ်နေရာစုံမှာ အကောင်းဆုံးကစားနိုင်ပြီး ဂိုးသွင်းအားသိပ်မကောင်းပေမဲ့ သူ့ရဲ့နေရာက ဂိုးသွင်းဖို့အဓိကမဟုတ်ကြောင်း၊ အင်္ဂလန်ကစားသမားဟောင်း ပေါ်လ်ဂစ်ကွိုင်နီလို ကစားသမားဖြစ်ကြောင်း ဂျိုကိုးကပြောပါတယ်။
ပီတာခရော့ချ်ကတော့ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ ချဲလ်ဆီး ဘယ်အသင်းကိုပဲ ပြောင်းရွှေ့သည်ဖြစ်စေ ဒက်ကလန်ရိုက်က အကောင်းဆုံး ခြေစွမ်းပြနိုင်ကြောင်း၊ ချန်ပီယံလိဂ်ကစားချင်တဲ့ သူ့ရဲ့အိပ်မက်ကို ဝက်စ်ဟမ်းပရိသတ်တွေက နားလည်ပေးလိမ့်မယ်လို့ ထင်ကြောင်း ပြောသွားပါတယ်။
အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်အနေနဲ့ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့သင့်ကြောင်း တိုက်စစ်မှူး အင်ဒီကာရိုးလ်က သုံးသပ်ပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံရှစ်ကလပ် ရက်ဒင်းအသင်းမှာ ကစားနေတာပါ။
ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်အနေနဲ့ ထိပ်တန်းအသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း၊ ချဲလ်ဆီး၊ မန်ယူနိုက်တက်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ပြီး အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ကြောင်း ကာရိုးလ်ကသုံးသပ်ပါတယ်။
ဒါ့အပြင် သူဟာ အာဆင်နယ်အသင်းပရိသတ်မဟုတ်ပေမဲ့ နည်းပြအာတေတာရဲ့ ကစားသမားတွေအပေါ် ကစားခိုင်းတဲ့ပုံစံဟာ ကောင်းမွန်ပြီး အသက်အရွယ်ရလည်း အငယ်ဆုံးအသင်းဖြစ်ကြောင်း အင်ဒီကာရိုးက သုံးသပ်သွားပါတယ်။