ရုရှားဟာ ပင်လယ်နက်ထဲကို ဝင်လာမယ့် သင်္ဘောတွေကို မှတ်ပုံတင်ခွင့်ပြုဖို့ ငြင်းဆန်ရင်း ပင်လယ်နက်ကိုဖြတ်သန်းပြီး ကောက်ပဲသီးနှံသယ်ဖို့ သဘောတူညီချက်ကို ထိထိရောက်ရောက် ရပ်တန့်လိုက်ပြီလို့ ယူကရိန်း ပြန်လည်တည်ဆောက်ရေးဝန်ကြီးဌာနက မေ ၈ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားရဲ့ ဒီလုပ်ရပ်က လက်ရှိသဘောတူညီချက်ရဲ့ စည်းကမ်းချက်တွေကို ဆန့်ကျင်နေတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းတွေကို မနှစ်က ရုရှားက ကျူးကျော်ပြီးတဲ့နောက် ပိတ်ဆို့ထားပေမဲ့ အဲဒီထဲက ၃ ခုကို ရုရှားနဲ့ ယူကရိန်းတို့ကြား သဘောတူညီချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လက ပြန်ဖွင့်ပေးခဲ့ပါတယ်။
ကုန်တင်ဆောင်ဖို့ သင်္ဘော ၆၂ စင်း အပါအဝင် သင်္ဘောအစီး ၉၀ ဟာ ယူကရိန်း ဆိပ်ကမ်းတွေဆီ သွားဖို့ ခွင့်ပြုချက်အတွက် တူရကီရေပိုင်နက်မှာ စောင့်ဆိုင်းနေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
သဘောတူညီချက်ဟာ မေ ၁၈ ရက်မှာ သက်တမ်းကုန်ဆုံးမှာပါ။ ရုရှားအစိုးရကတော့ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကို ဖြေလျှော့ဖို့ ရည်ရွယ်ထားတဲ့ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
တူရကီနဲ့ ကုလသမဂ္ဂတို့ကတော့ သဘောတူညီချက်ကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။
ရုရှားဟာ ပင်လယ်နက် အစိတ်အပိုင်းတွေကို ‘စစ်ပွဲဇုန်’ အဖြစ် ပြောင်းလဲခဲ့တယ်လို့ စွပ်စွဲရင်း အဲဒီနေရာတွေမှာ နေတိုးအဖွဲ့ တည်ရှိမှုကို အားဖြည့်ပေးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က နိုဝင်ဘာ ၂၉ ရက်မှာ ကတိပြုခဲ့ပါတယ်။
“နှစ်တွေအတွင်း အဆိုးရွားဆုံး စားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းတွေထဲက တခုအတွက် ရုရှားမှာ တာဝန်ရှိတယ်။ ပင်လယ်နက်ကနေ ဘောလ်တစ်ပင်လယ်တွေအထိ နေတိုး တပ်စခန်းတွေကို အားဖြည့်ပေးသွားမှာပါ” လို့ ဘလင်ကန်က ရိုမေးနီးယား မဟာမိတ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်လိုင်းကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်ရချိန်မှာ ယူကရိန်းရဲ့ ဓာတ်အားပို့လွှတ်နိုင်စွမ်းကို ပြန်ထူထောင်နိုင်ဖို့ အမေရိကန်က ကူညီပေးလိမ့်မယ်လို့ ဘလင်ကန်က ကြေညာဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောခဲ့ပါတယ်။
ဘလင်ကန်ဟာ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းမှာ ရိုမေးနီးယားနိုင်ငံကို ရောက်လာပြီး နေတိုး မဟာမိတ်တွေ၊ အဆင့်မြင့်စီးပွားရေး ၇ နိုင်ငံအုပ်စု G7 က နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ထရန်စဖော်မာတွေဟာ ပြန်ပြင်ဆင်မွမ်းမံဖို့ လိုတဲ့ နိုင်ငံရဲ့ စွမ်းအင်အခြေခံအဆောက်အအုံရဲ့ အကြီးဆုံးလိုအပ်ချက်ပဲလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ကိယက်ဗ်မြို့တော်ဆီ လာရောက်လည်ပတ်တဲ့ နေတိုးသံတမန်တချို့ကို အစောပိုင်းမှာ ပြောခဲ့ပါတယ်။