ကွယ်လွန်သူ ဘရာဇီးဂန္ထဝင် ပီလီအတွက် ပရီးမီးယားလိဂ် ကစားသမားများ ဂုဏ်ပြု

အင်္ဂလန်ပရီးယားလိဂ် ကစားသမားတွေဟာ ဒီဇင်ဘာ ၃၀ ရက်က ပွဲယှဉ်ပြိုင်ကစားမှု မစတင်ခင် မကြာသေးမီကမှ ကွယ်လွန်ခဲ့တဲ့ ဘရာဇီး ဂန္ထဝင်ကစားသမားကြီး ပီလီအတွက် တမိနစ်တိတိ လက်ခုပ်တီး သြဘာပေးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
ကမ္ဘာ့အကြီးကျယ် အခမ်းနားဆုံး ဘောလုံးသူရဲကောင်းတွေထဲက တဦးဖြစ်တဲ့ ပီလီအတွက် အားကစားလောကထဲက တခြားသူတွေနဲ့အတူ ပရီးမီးယားလိဂ်ကစားသမားတွေကလည်း ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြခဲ့ကြတာပါ။
ဒီ ဂန္ထဝင်ဘောလုံးကစားသမားကြီးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုရင်း အခုလို နှုတ်ဆက်ပွဲ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ ပြည့်နှစ်တွေမှာ နှစ်ကြိမ်ဆက် ကမ္ဘာ့ဖလားရရှိမှု အပါအဝင် ကမ္ဘာ့ဖလား ၃ ကြိမ်အထိ မကြုံစဘူး ဆွတ်ခူးနိုင်ခဲ့တဲ့ ဘရားဇီး ကစားသမားဟောင်းကြီးဟာ ကစားသမား ဘဝမှာလည်း ဂိုးပေါင်းများစွာ သွင်းယူနိုင်ခဲ့သူပါ။
အသက် ၈၂ နှစ်အရွယ် ပီလီဟာ ကာလရှည်ကြာ တိုက်ပွဲဝင်ခဲ့ရတဲ့ ကင်ဆာရောဂါကြောင့် ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့ပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ကလည်း “ဒီနေ့မှာ ဇူးရစ်မြို့က ဖီဖာရုံးချုပ်မှာရှိတဲ့ အလံတွေကို ထာဝရဘုရင်ကြီး ပီလီအပေါ် အောက်မေ့သောအားဖြင့် တိုင်တဝက်သာ လွှင့်ထူထားပါတယ်” လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။