ရီးရဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးကလပ် ပါးမီးယက်စ်အသင်းက ဆယ်ကျော်သက် တိုက်စစ်မှူး အန်ဒရစ်ကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၁၆ နှစ်ပဲရှိသေးတဲ့ အန်ဒရစ်ဟာ ပါးမီးယက်စ်မှာ အထူးခြေစွမ်းပြနေပြီး ချဲလ်ဆီး၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီအသင်းတွေကို ကျော်ဖြတ်ပြီး ရီးရဲလ် အသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
ဆယ်ကျော်သက်တိုက်စစ်မှူးဟာ မက်ဒရစ်ကိုလာပြီး စာချုပ်ချုပ်ဆိုမှာဖြစ်ပေမယ့် ပါးမီးယက်စ်မှာ ပြန်ကစားရမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ရောက်မှ အသင်းနဲ့ ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။
အန်ဒရစ်ဟာ ပါးမီးယက်စ်လူငယ်အသင်းမှာ စုစုပေါင်း ၁၆၉ ပွဲကစားခဲ့ရာမှာ ၁၆၅ ဂိုးသွင်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဘရာဇီးယူ ၁၆ လက်ရွေးစင်လည်းဖြစ်တဲ့သူဟာ နိုင်ငံအသင်းနဲ့ ၄ ပွဲမှာ ၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပြင်သစ်ကလပ်လီယွန်အသင်းက ဘရာဇီးကွင်းလယ်တိုက်စစ်မှူး ပတ်ကေတာကို ပေါင် ၅၁ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။
အသက် ၂၅ နှစ်ရှိ ဘရာဇီးသားဟာ ဝက်စ်ဟမ်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၁၁၀ ဝတ်ဆင်ကစားမှာပါ။
ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာရလို့ အလွန်စိတ်လူပ်ရှားမိပြီး အောင်မြင်မှုတွေနဲ့အတူ ပျော်ရွှင်စရာခရီးတစ်ခု စတင်ခြင်းဖြစ်မယ်လို့ မျှော်လင့်ကြောင်းပတ်ကေတာက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရာသီက ဝက်စ်ဟမ်းအသင်းအတွက် ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး အခုနှစ်ရာသီမှာပိုမိုကောင်းမွန်တဲ့ရာသီဖြစ်လာဖို့ မျှော်လင့် ကြောင်း ပတ်ကေတာကပြောပါတယ်။
သူဟာ ဘရာဇီးကလပ် ဖလာမင်ဂိုကနေ ၂၀၁၉ ခုနှစ်မှာ အေစီမီလန်၊ ၂၀၂၀ ပြည့်နှစ်မှာ လီယွန်အသင်းဆီပြောင်းရွှေ့ခဲ့ပါတယ်။
လီယွန်နဲ့ ပွဲ ၈၀ မှာ ၂၁ ဂိုးသွင်းခဲ့ပါတယ်။ ဘရာဇီးလက်ရွေးစင်အတွက်တော့ ၃၃ ပွဲကစားထားပြီး ၇ ဂိုးသွင်းထားပါတယ်။