close

ဖိအားပေး

close

March 12, 2023

ဘောလုံးအစီအစဉ်တင်ဆက်သူ ဂယ်ရီလိုင်နီကာကို ဖယ်ရှားသည့်ကိစ္စ ဘီဘီစီညွှန်ချုပ် ဖိအားပေးခံနေရ

ဗြိတိန်အစိုးရရဲ့ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ဘောလုံးအစီအစဉ်တင်ဆက်သူ ဂယ်ရီလိုင်နီကာ ကိစ္စရပ်နဲ့ပတ်သက်ပြီး ရာထူးနေနုတ်ထွက်မှာ မဟုတ်ဘူးလို့  ဘီဘီစီသတင်းဌာန ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးက ပြောကြားလိုက်ပါတယ်။

နာမည်ကျော် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီလိုင်နီကာက လူကြည့်များတဲ့ ရုပ်သံအစီအစဉ်ဖြစ်တဲ့   Match of the Day  စကားဝိုင်းအစီအစဉ်မှာ နာဇီဂျာမနီခေတ်က အသုံးအနှုန်းနဲ့ခိုင်းနှိုင်းပြီး အစိုးရကိုဝေဖန်ခဲ့တာကြောင့် ဘီဘီစီ ရုပ်သံထုတ်လွှင့်သူတွေဟာ လိုင်နီကာကို တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။

ဒါ့ကြောင့် ရုပ်သံအစီအစဉ်မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် ပါဝင်လေ့ရှိတဲ့  အင်္ဂလန်လက်ရွေးစင်ဟောင်း အလန်ရှီးယားအပါအဝင်  အီယန်ရိုက်၊ ဂျာမိန်းဂျီးနတ်စ်နဲ့ မီကာရစ်ချတ်တို့ကလည်း ဒီစကားဝိုင်းမှာ မပါဝင်တော့ဘဲ သပိတ်မှောက်ခဲ့လို့  ရုပ်သံအစီအစဉ်ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ရတာပါ။

ဒီဖြစ်ရပ်ကြောင့် ဗြိတိန်ဝန်ကြီးချုပ်ဆီက မှတ်ချက်နဲ့အတူ ရုပ်သံလွှင့်တာဝန်ရှိသူ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးဟာ သူ့ရာထူးကို အခုလိုကာကွယ်နေရတဲ့အထိ အကျပ်အတည်းပြဿနာတွေ ဘီဘီစီက ဆက်တိုက်ရင်ဆိုင်လာခဲ့ရပါတယ်။

လစာအများဆုံး အစီအစဉ်တင်ဆက်သူဖြစ်တဲ့   လိုင်နီကာကို ထုတ်ပယ်ခဲ့တဲ့အပေါ် ဝေဖန်သူတွေက ဒါဟာ ဘီဘီစီအနေနဲ့ အစိုးရဖိအားကို ဦးညွှတ်လိုက်တာဖြစ်သလို နိုင်ငံအဆင့်ရုပ်သံလွှင့်ဌာနတစ်ခုရဲ့ သမာသမတ်ကျမှုအပေါ်မှာလည်း မေးခွန်းထုတ်ခံနေရပါတယ်။ 

2 hours Ago

ပဲလေ့စ်ကိုအနိုင်ယူပြီး မန်စီးတီးက အာဆင်နယ်ကိုဆက်လက် ဖိအားပေး

မနေ့ညက ကစားခဲ့တဲ့ နောက်အကျဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ခရစ္စတယ်ပဲလေ့စ်ကို ပင်နယ်တီဂိုးနဲ့ အနိုင်ရပြီး ထိပ်ဆုံးကအာဆင်နယ်ကို ဆက်လက်ဖိအာပေးနိုင်ခဲ့ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ခံစစ်အထိုင်ချကစားမှုကြောင့် မန်စီးတီးအသင်းအနေနဲ့ ခက်ခက်ခဲခဲကစားခဲ့ရတာပါ။

အိမ်ရှင်ပဲလေ့စ်အသင်းဟာ မန်စီးတီးအသင်းဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုမရှိခဲ့ပေမဲ့ ခံစစ်ပိုင်းမှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တာပါ။ ဒါပေမဲ့ ဒုတိယပိုင်း ၇၈ မိနစ်မှာ ကွင်းလယ်လူ အိုလီဆီရဲ့ ပြစ်ဒဏ်ဘောကျူးလွန်မှုကနေ မန်စီးတီးအသင်းပယ်နယ်တီရရှိခဲ့ပြီး တိုက်စစ်မှူးဟာလန်းက အမှား အယွင်းမရှိကန်သွင်းယူနိုင်ခဲ့တာပါ။

ဒီရလဒ်ကြောင့် မန်စီးတီးက တစ်ပွဲပိုအခြေအနေမှာ အမှတ်ပေးဇယားထိပ်ဆုံးကအာဆင်နယ်နဲ့ ၂ မှတ်သာကွာဟတော့တာပါ။

အာဆင်နယ်ကတော့ တနင်္ဂနွေည ၈ နာရီခွဲမှာ လန်ဒန်မြို့ခံပြိုင်ဘက် ဖူဟမ်အသင်းရဲ့ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

10 hours Ago

February 24, 2023

တနင်္သာရီတွင် ဌာနဆိုင်ရာရုံးများ ပုံမှန်လည်ပတ်ရန် စစ်နယ်မြေမှူးက ဖိအားပေး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့ကစစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်က မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ တာဝန်ရှိသူတွေကို ဌာနဆိုင်ရာတွေအနေနဲ့ ရုံးတွေ ပုံမှန်မလည်ပတ်နိုင်လို့ ဆူပူခဲ့တယ်လို့ Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်တဲ့ မြို့နယ်ခန်းမ အစည်းဝေးအတွင်း ခုလိုပြောဆိုခဲ့တာပါ။

တနင်္သာရီမြို့နယ်အတွင်းမှာ ဝန်ထမ်းတွေ လုံလုံခြုံခြုံ သွားလာနိုင်ဖို့နဲ့ မြို့နယ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် စစ်အုပ်ချုပ်ရေးကို သတ်မှတ်ပေးထားတာဖြစ်ပြီး အဲ့ဒီစည်းကမ်းတွေကို လေးစားလိုက်နာဖို့ ဝန်ထမ်းတွေမှာ တာဝန်ရှိတယ်ဆိုပြီး တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်က ပြောတယ်လို့ ဆိုပါတယ်။

မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးကလည်း စစ်အုပ်ချုပ်ရေးစနစ် သတ်မှတ်ပေးပြီဆိုတော့ ဌာနဆိုင်ရာအလိုက် ရုံးတွေ ပုံမှန်အတိုင်း ပြန်ဖွင့်ပြီး ရုံးဝတ်စုံနဲ့ ရုံးတက်ကြဖို့၊ နိုင်ငံတော်အလံကို အသစ်လဲကြဖို့၊ ရုံးတွေက ညစ်ပတ်ပြီး ရုံးနဲ့မတူတဲ့အတွက် သန့်သန့်ရှင်းထားဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဝန်ထမ်းတွေအနေနဲ့ ပရဟိတစိတ် ထားကြပါ။ သန့်သန့်ရှင်းရှင်းလည်း နေကြပါ။ ခရီးသွားမယ်ဆိုလည်း ကြိုတင်ခွင့်ပြုချက်ယူပြီးမှ သွားကြပါလို့ စစ်နယ်မြေမှူး အောင်ကိုလတ်က ပြောကြောင်း ရုံးဝန်ထမ်းတဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲ့ဒီတွေ့ဆုံပွဲမှာ တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူ‌တွေ အပါအဝင် စုစုပေါင်း ၃၅ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် တိုက်ပွဲတွေ ပိုဖြစ်လာတဲ့အတွက် ပြည်သူတွေ အထူးသတိပြု သွားလာကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သတိပေး ထုတ်ပြန်ထားပါတယ်။

2 weeks Ago
Up