ဘောလုံးအစီအစဉ်တင်ဆက်သူ ဂယ်ရီလိုင်နီကာကို ဖယ်ရှားသည့်ကိစ္စ ဘီဘီစီညွှန်ချုပ် ဖိအားပေးခံနေရ

ဗြိတိန်အစိုးရရဲ့ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ဘောလုံးအစီအစဉ်တင်ဆက်သူ ဂယ်ရီလိုင်နီကာ ကိစ္စရပ်နဲ့ပတ်သက်ပြီး ရာထူးနေနုတ်ထွက်မှာ မဟုတ်ဘူးလို့ ဘီဘီစီသတင်းဌာန ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးက ပြောကြားလိုက်ပါတယ်။
နာမည်ကျော် အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီလိုင်နီကာက လူကြည့်များတဲ့ ရုပ်သံအစီအစဉ်ဖြစ်တဲ့ Match of the Day စကားဝိုင်းအစီအစဉ်မှာ နာဇီဂျာမနီခေတ်က အသုံးအနှုန်းနဲ့ခိုင်းနှိုင်းပြီး အစိုးရကိုဝေဖန်ခဲ့တာကြောင့် ဘီဘီစီ ရုပ်သံထုတ်လွှင့်သူတွေဟာ လိုင်နီကာကို တာဝန်ကနေ ရပ်ဆိုင်းခဲ့ပါတယ်။
ဒါ့ကြောင့် ရုပ်သံအစီအစဉ်မှာ ဘောလုံးကျွမ်းကျင်သူအဖြစ် ပါဝင်လေ့ရှိတဲ့ အင်္ဂလန်လက်ရွေးစင်ဟောင်း အလန်ရှီးယားအပါအဝင် အီယန်ရိုက်၊ ဂျာမိန်းဂျီးနတ်စ်နဲ့ မီကာရစ်ချတ်တို့ကလည်း ဒီစကားဝိုင်းမှာ မပါဝင်တော့ဘဲ သပိတ်မှောက်ခဲ့လို့ ရုပ်သံအစီအစဉ်ထုတ်လွှင့်မှု ရပ်ဆိုင်းခဲ့ရတာပါ။
ဒီဖြစ်ရပ်ကြောင့် ဗြိတိန်ဝန်ကြီးချုပ်ဆီက မှတ်ချက်နဲ့အတူ ရုပ်သံလွှင့်တာဝန်ရှိသူ ညွှန်ကြားရေးမှူးချုပ် တင်မ်ဒေးဗီးဟာ သူ့ရာထူးကို အခုလိုကာကွယ်နေရတဲ့အထိ အကျပ်အတည်းပြဿနာတွေ ဘီဘီစီက ဆက်တိုက်ရင်ဆိုင်လာခဲ့ရပါတယ်။
လစာအများဆုံး အစီအစဉ်တင်ဆက်သူဖြစ်တဲ့ လိုင်နီကာကို ထုတ်ပယ်ခဲ့တဲ့အပေါ် ဝေဖန်သူတွေက ဒါဟာ ဘီဘီစီအနေနဲ့ အစိုးရဖိအားကို ဦးညွှတ်လိုက်တာဖြစ်သလို နိုင်ငံအဆင့်ရုပ်သံလွှင့်ဌာနတစ်ခုရဲ့ သမာသမတ်ကျမှုအပေါ်မှာလည်း မေးခွန်းထုတ်ခံနေရပါတယ်။