close

ဗိုလ်စွဲ

close

February 12, 2023

ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲတွင် ရီးရဲလ်မက်ဒရစ်အသင်းဗိုလ်စွဲ

ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆော်ဒီကလပ် အယ်ဟီလော်ကို ၅ ဂိုး  ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

စနေနေ့က မော်ရိုကိုမှာ ယှဉ်ပြိုင်သွားတဲ့ ဥရောပချန်ပီယံ ရီရဲလ်မက်ဒရစ်နဲ့ အာရှကလပ် ချန်ပီယံ ဆော်ဒီကလပ်အယ်ဟီလော်တို့ ပွဲစဉ်မှာ သွင်းဂိုး  ၈ ဂိုးအထိ  သွင်းယူနိုင်ခဲ့ပါတယ်။

ဆော်ဒီကလပ် အယ်ဟီလော်အသင်းဟာ ဆီမီးဖိုင်နယ်တုန်းက ဘရာဇီးကလပ် ဖလာမင်ဂိုကို အနိုင်ယူပြီး ဗိုလ်လုပွဲကို ပထမဆုံး တက်ရောက်နိုင်တဲ့ ဆော်ဒီအသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဗိုလ်လုပွဲမှာ ရီးရဲလ်အတွက် အနိုင်ဂိုးတွေကို ဗီနီဆီးရပ်စ် ဂျူနီယာ၊ ဗယ်ဗါဒီနဲ့ ဘန်ဇီမာတို့က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ ရီးရဲလ်အသင်းက တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းခွင့်လည်း ပိုရခဲ့တာပါ။

နည်းပြ အန်စလော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲမှာ စံချိန်တင် ၅ ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

1 hour Ago

December 19, 2022

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ၃ ကြိမ်မြောက်ဗိုလ်စွဲ

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး  ကမ္ဘာ့ဖလားကို  ၃ ကြိမ်မြောက်ဗိုလ်စွဲသွားပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုရခဲ့ပြီး အဖွင့်ဂိုးကိုတော့  ပွဲချိန် ၂၃ မိနစ်မှာ မက်ဆီက ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာပါ။   အာဂျင်တီးနားအတွက် ဒုတိယ ဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ မက်အယ်လစ်စတာရဲ့ ပေးပို့မှုကနေ  ဒီမာရီယာက သွင်းပေးခဲ့ပြီး ပထမပိုင်းမှာပဲ အာဂျင်တီးနားအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတာပါ။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၈ဝ မှာတော့ ပြင်သစ်အသင်းအတွက် ပထမ ချေပဂိုးကို  အန်ဘာပေးက   ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပြီး နောက်တမိနစ်အကြာမှာပဲ သူရမ်ရဲ့ ဘောလုံး ပေးပို့မှုကနေတဆင့် အန်ဘာပေကပဲ နောက်ထပ် ချေပဂိုး သွင်းယူပေးခဲ့လို့ ဒုတိယပိုင်းအပြီးမှာ တဖက်   ၂ ဂိုးစီသရေကျနေခဲ့ပါတယ်။ 

အချိန်ပိုထပ်ကန်ရာမှာတော့  ပွဲချိန် ၁၀၈ မိနစ်မှာ မက်ဆီက အာဂျင်တီးနားအသင်းအတွက် တတိယ အနိုင်ဂိုးသွင်းယူပေးခဲ့သလို  ပွဲချိန် ၁၁၈ မိနစ်မှာ ပြင်သစ်အတွက် ချေပဂိုးကို အန်ဘာပေက သွင်းယူခဲ့လို့  ၃ ဂိုးစီသရေကျနေခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ကန်ရာမှာတော့ အာဂျင်တီးနားအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

အာဂျင်တီးနားက ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး အခုတကြိမ် တတိယအကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပွဲတွေမှာ တောက်လျှောက်အနိုင်ရပြီး ကွာတားဖိုင်နယ်မှာ နယ်သာလန်၊ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို ကျော်ဖြတ်ပြီး  ဗိုလ်လုပွဲ တက်လာခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းကလည်း အုပ်စုဗိုလ်အဖြစ်နဲ့ တက်လာပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလန်၊ ဆီမီးဖိုင်နယ်မှာ မော်ရိုကို အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်လာတာဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲထားတဲ့ ပြင်သစ်အသင်းကတော့ ကမ္ဘာ့ဖလားထပ်ယူဖို့ ရည်မှန်းချက် မအောင်မြင်ဘဲ ဒုတိယဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။

2 months Ago
Up