close

အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလား ၃ ကြိမ်မြောက်ဗိုလ်စွဲ

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး  ကမ္ဘာ့ဖလားကို  ၃ ကြိမ်မြောက်ဗိုလ်စွဲသွားပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်းက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်ကန်သွင်းခွင့်တွေပါ ပိုရခဲ့ပြီး အဖွင့်ဂိုးကိုတော့  ပွဲချိန် ၂၃ မိနစ်မှာ မက်ဆီက ပင်နယ်တီကနေတဆင့် သွင်းယူခဲ့တာပါ။   အာဂျင်တီးနားအတွက် ဒုတိယ ဂိုးကိုတော့ ပွဲချိန် ၃၆ မိနစ်မှာ မက်အယ်လစ်စတာရဲ့ ပေးပို့မှုကနေ  ဒီမာရီယာက သွင်းပေးခဲ့ပြီး ပထမပိုင်းမှာပဲ အာဂျင်တီးနားအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရနေတာပါ။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၈ဝ မှာတော့ ပြင်သစ်အသင်းအတွက် ပထမ ချေပဂိုးကို  အန်ဘာပေးက   ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပြီး နောက်တမိနစ်အကြာမှာပဲ သူရမ်ရဲ့ ဘောလုံး ပေးပို့မှုကနေတဆင့် အန်ဘာပေကပဲ နောက်ထပ် ချေပဂိုး သွင်းယူပေးခဲ့လို့ ဒုတိယပိုင်းအပြီးမှာ တဖက်   ၂ ဂိုးစီသရေကျနေခဲ့ပါတယ်။ 

အချိန်ပိုထပ်ကန်ရာမှာတော့  ပွဲချိန် ၁၀၈ မိနစ်မှာ မက်ဆီက အာဂျင်တီးနားအသင်းအတွက် တတိယ အနိုင်ဂိုးသွင်းယူပေးခဲ့သလို  ပွဲချိန် ၁၁၈ မိနစ်မှာ ပြင်သစ်အတွက် ချေပဂိုးကို အန်ဘာပေက သွင်းယူခဲ့လို့  ၃ ဂိုးစီသရေကျနေခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ကန်ရာမှာတော့ အာဂျင်တီးနားအသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။

အာဂျင်တီးနားက ၁၉၇၈ ခုနှစ်နဲ့ ၁၉၈၆ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲခဲ့ဖူးပြီး အခုတကြိမ် တတိယအကြိမ်မြောက် ဗိုလ်စွဲတာဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပေမဲ့ နောက်ပွဲတွေမှာ တောက်လျှောက်အနိုင်ရပြီး ကွာတားဖိုင်နယ်မှာ နယ်သာလန်၊ ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို ကျော်ဖြတ်ပြီး  ဗိုလ်လုပွဲ တက်လာခဲ့တာဖြစ်ပါတယ်။ 

ပြင်သစ်အသင်းကလည်း အုပ်စုဗိုလ်အဖြစ်နဲ့ တက်လာပြီး ကွာတားဖိုင်နယ်မှာ အင်္ဂလန်၊ ဆီမီးဖိုင်နယ်မှာ မော်ရိုကို အသင်းတွေကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်လာတာဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တွေမှာ နှစ်ကြိမ် ဗိုလ်စွဲထားတဲ့ ပြင်သစ်အသင်းကတော့ ကမ္ဘာ့ဖလားထပ်ယူဖို့ ရည်မှန်းချက် မအောင်မြင်ဘဲ ဒုတိယဆုနဲ့သာ ကျေနပ်လိုက်ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up