ကရင်ပြည်နယ်၊ ဘားအံခရိုင်တရားရုံးက တက္ကသိုလ် ကျောင်းသား ၉ ယောက်ကို ၁၁ လကျော် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်က နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက် က မွန်ပြည်နယ်၊ ဘီးလင်းဂိတ်မှာ ခရီးသွားရင် Skin Care လက်ဝယ်တွေ့ရှိမှုနဲ့ ဘားအံတက္ကသိုလ်ကျောင်းသား ၉ ယောက်နဲ့ ယာဉ်မောင်း ၁ ယောက် ဖမ်းဆီးခံခဲရပြီးနောက် ဘားအံမြို့မရဲစခန်းက တဆင့် ဘားအံအကျဉ်းထောင်မှာ ၁၁ လကြာ ထိန်းသိမ်းခံခဲ့ရတာပါ။
စစ်ကောင်စီရဲ့ခရိုင်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ၊ တပ်မတော်တည်ငြိမ်ရေး နှောင့်ယှက်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (ဂ) ၊ တရားမဝင်ပို့ကုန်သွင်းကုန်ပုဒ်မ ၈ (ဆိုင်ကယ်လိုင်စင်မဲ့) တွေနဲ့ ထောင်ဒဏ် ၁၂ နှစ်နဲ့ ၁၃ နှစ် အသီးသီးအမိန့်ချမှတ်ခဲ့တာပါ။
ဘားအံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက “ကျောင်းသားတွေက ခရီးသွားရင်း ဖမ်းခံရတာ။ မတရားပုဒ်မတွေနဲ့ ထောင်ချခံရတာ။ သူတို့ပါးစပ်ထဲကဥပဒေနဲ့ မကျေနပ်ရင် မကျေနပ်သလို တရားစွဲထောင်ချနေတာ။ ကျနော်တို့ ကျောင်းသားတွေကို အကြောက်တရားရှိအောင် ရည်ရွယ်ချက်ရှိရှိ ထောင်ချပြလိုက်တာ။ ၈၈ တုန်းကလို ရမယ်ထင်နေတာ။ ဖိလေ ကြွလေ။ တင်းလေ ရုန်းလေ။ ခြောက်လေ ပိုဆိုးလေပဲ။ ကျနော်တို့ခေတ်မှာ စစ်မိစ္ဆာတွေ နောက်ဆုံးဖြစ်ရမယ်။ ပြောရရင် စကစက ကျောင်းသားလူငယ်တွေကို အလိုလိုရင်ကို ကြောက်နေရပြီ”လို့ ဆိုပါတယ်။
အဆိုပါကျောင်းသားတွေကို အမိန့်ချမှတ်ပြီးတာနဲ့ တရားရုံးအတွင်းမှာတင် ကျောင်းသားတွေက သွေးသစ္စာသီချင်းသံပြိုင်သီဆိုခဲ့သလို အကျဉ်းထောင်းအပြန်လမ်းတလျှောက် သီဆိုသွားခဲ့တယ်လို့ မြို့ခံတွေကဆိုပါတယ်။
စစ်ကောင်စီရဲ့ ဘားအံခရိုင်တရားရုံးက သမိုင်း ဒုတိယနှစ်ကျောင်းသား မောင်ရဲထွဋ်ခေါင်၊ မောင်စေမာန်မှူး၊ ဓာတုဗေဒ ဒုတိယနှစ်ကျောင်းသား မောင်ဇော်ဝင်းထွဋ်၊ မြန်မာစာ ပထမနှစ်ကျောင်းသား ဟန်ဇော်မျိုး၊ သတ္တဗေဒ ပထမနှစ်ကျောင်းသား မျိုးမြန်မာအောင်၊ ဇီ၀ဗေဒ ပထမနှစ်ကျောင်းသား မောင်ချစ်ဝင်းထွန်း၊ သတ္တဗေဒ ပထမနှစ် ကျောင်းသား မောင်စောမင်းစိုး၊ ဇီ၀ဗေဒ ဒုတိယနှစ်ကျောင်းသား မောင်မင်းသူအောင်၊ စိတ်ပညာဒုတိယနှစ်ကျောင်းသား မောင်အောင်ကျော်မင်းနဲ့ ကားသမား ဦးဝင်းကိုကိုလတ်တို့ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။
ကရင်ပြည်နယ်အတွင်းက လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေကို မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထားပြီး ထောင်ဒဏ်ချခံထားရသူ ရာနဲ့ချီရှိပြီး အကျဉ်းထောင်အတွင်း လူအခွင့်အရေးချိုးဖောက်ခံရတာ၊ အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးတွေ ဆုံးရှုံးနေတာတွေ ရှိတယ်လို့ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီရဲ့ညွန်ကြားချက်နဲ့ ပြန်လည်ဖွင့်လှစ်နေတဲ့ ဘားအံတက္ကသိုလ်မှာ မဟာတန်းနဲ့ ဂုဏ်ထူးတန်း ကျောင်းသားကျောင်းသူ ၇၀ ရာခိုင်နှုန်းနီးပါး ကျောင်းပြန်လည် တက်ရောက်နေတယ်လို့ ဇန်နဝါရီ ၇ ရက်က ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
ဇန်နဝါရီ ၆ ရက်ကစတင်ပြီး တနိုင်ငံလုံးမှာ စစ်ကောင်စီရဲ့ ညွန်ကြားချက်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ဘားအံတက္ကသိုလ်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းတွေထဲက မဟာတန်းနဲ့ ဂုဏ်ထူးတန်းတွေကိုပဲ လက်ခံသင်ကြားပေးနေပြီး တက်ရောက်တဲ့ ကျောင်းသား ကျောင်းသူ ၇၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ထမ်းတစ်ဦးက”ကျောင်းသားကျောင်းသူ ၇၀ လောက်တော့ ပြန်တက်နေတာရှိတယ်။ လောလောဆယ်တော့ မဟာတန်းနဲ့ ဂုဏ်ထူးတန်းတွေကိုပဲ လက်ခံသင်ကြားပေးသေးတယ်။ ကျန်တဲ့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ နောက်ဆုံးနှစ်တွေတော့ လက်မခံသေးဘူး”လို့ ဆိုပါတယ်။
ကျောင်းမတက်ရောက်တဲ့ ကျောင်းသူတစ်ဦးက” ကျောင်းအဆောင်တွေမှာ ကျောင်းသားကျောင်းသူတွေ အများကြီးတော့ တွေ့တယ်။ နေ့ကျောင်းသားတွေကို ဘယ်လိုလက်ခံလည်းတော့ သေချာမသိဘူး။ အခုလို စစ်ကောင်စီကဖွင့်တဲ့ စစ်ကျွန်ပညာရေးတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေ ဘာရည်ရွယ်ချက်တွေနဲ့ တက်နေလဲတော့ မသိဘူး”လို့ ဆိုပါတယ်။
လက်ရှိ ဘားအံတက္ကသိုလ်မှာ သင်ကြားရေး ဆရာ ဆရာမလိုအပ်ချက်တွေရှိနေတဲ့အတွက် CDM ဆရာ ဆရာမတွေ၊ ရာထူးတိုးပြောင်းရွေ့နေရာတွေမှာ အစားထိုးခန့်အပ်ဖို့ ပထမနှစ်ဘွဲ့ရကျောင်းသား ကျောင်းသူတွေကို ပညာရေးဝန်ထမ်းခန့်ဖို့ စီစဉ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
အခုလို ပညာရေးဝန်ထမ်း လိုအပ်ချက်အပေါ် အစားထိုးခန့်အပ်တာတွေနဲ့ ပတ်သက်ပြီး အရည်အချင်း သတ်မှတ်ချက်မပြည့်မီတဲ့ ကျောင်းသားကျောင်းသူတွေကို သင်ကြားရေးမှာ အစားထိုးခန့်အပ်တာဟာ တက်ရောက်တဲ့ ကျောင်းသူတွေအတွက် အရည်အချင်းပြည့်မီတဲ့ ကျောင်းသားကျောင်းသူတွေဖြစ်လာမှာ မဟုတ်ဘူးလို့ ကျောင်းသားမိဘတွေရဲ့ ဝေဖန်မှုတွေရှိနေပါတယ်။
ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီခန့် ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မော်လမြိုင်တက္ကသိုလ်မှာ နေ့သင်တန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ စတုတ္ထနှစ် ဥပဒေပညာ (ဒုတိယနှစ်ဝက်) သင်တန်းမှာ ၁၅၂ ဦး၊ မဟာအရည်အချင်းစစ် သင်တန်းမှာ ၆၃ ဦး၊ တတိယနှစ် ဂုဏ်ထူးတန်းသင်တန်းမှာ ၄၁ ဦး၊ မဟာတန်း ပထမနှစ် (ဝိဇ္ဇာ၊ သိပ္ပံ) သင်တန်းမှာ ၇၉ ဦး၊ မဟာတန်း ဒုတိယနှစ် (ဝိဇ္ဇာ၊ သိပ္ပံ) သင်တန်းမှာ ၃၃ ဦး ဘာသာရပ်အလိုက် တက်ရောက်သင်ကြားမှာ ဖြစ်ပါတယ်။
ကျောင်းသားကျောင်းသူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။