close

ဘားအံတက္ကသိုလ်မှာ ကျောင်းသားကျောင်းသူ ၇၀ ရာခိုင်နှုန်းတက်ရောက်

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်ကောင်စီရဲ့ညွန်ကြားချက်နဲ့ ပြန်လည်ဖွင့်လှစ်နေတဲ့ ဘားအံတက္ကသိုလ်မှာ မဟာတန်းနဲ့ ဂုဏ်ထူးတန်း ကျောင်းသားကျောင်းသူ ၇၀ ရာခိုင်နှုန်းနီးပါး ကျောင်းပြန်လည် တက်ရောက်နေတယ်လို့ ဇန်နဝါရီ ၇ ရက်က ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

ဇန်နဝါရီ ၆ ရက်ကစတင်ပြီး တနိုင်ငံလုံးမှာ စစ်ကောင်စီရဲ့ ညွန်ကြားချက်နဲ့ ပြန်လည်ဖွင့်လှစ်ခဲ့တဲ့ ဘားအံတက္ကသိုလ်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းတွေထဲက မဟာတန်းနဲ့ ဂုဏ်ထူးတန်းတွေကိုပဲ လက်ခံသင်ကြားပေးနေပြီး တက်ရောက်တဲ့ ကျောင်းသား ကျောင်းသူ ၇၀ ရာခိုင်နှုန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ 

ပညာရေးဝန်ထမ်းတစ်ဦးက”ကျောင်းသားကျောင်းသူ ၇၀ လောက်တော့ ပြန်တက်နေတာရှိတယ်။ လောလောဆယ်တော့ မဟာတန်းနဲ့ ဂုဏ်ထူးတန်းတွေကိုပဲ လက်ခံသင်ကြားပေးသေးတယ်။ ကျန်တဲ့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ နောက်ဆုံးနှစ်တွေတော့ လက်မခံသေးဘူး”လို့ ဆိုပါတယ်။

ကျောင်းမတက်ရောက်တဲ့ ကျောင်းသူတစ်ဦးက” ကျောင်းအဆောင်တွေမှာ ကျောင်းသားကျောင်းသူတွေ အများကြီးတော့ တွေ့တယ်။ နေ့ကျောင်းသားတွေကို ဘယ်လိုလက်ခံလည်းတော့ သေချာမသိဘူး။ အခုလို စစ်ကောင်စီကဖွင့်တဲ့ စစ်ကျွန်ပညာရေးတက်ရောက်နေတဲ့ ကျောင်းသားကျောင်းသူတွေ ဘာရည်ရွယ်ချက်တွေနဲ့ တက်နေလဲတော့ မသိဘူး”လို့ ဆိုပါတယ်။

လက်ရှိ ဘားအံတက္ကသိုလ်မှာ သင်ကြားရေး ဆရာ ဆရာမလိုအပ်ချက်တွေရှိနေတဲ့အတွက် CDM ဆရာ ဆရာမတွေ၊ ရာထူးတိုးပြောင်းရွေ့နေရာတွေမှာ အစားထိုးခန့်အပ်ဖို့ ပထမနှစ်ဘွဲ့ရကျောင်းသား ကျောင်းသူတွေကို ပညာရေးဝန်ထမ်းခန့်ဖို့ စီစဉ်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။

အခုလို ပညာရေးဝန်ထမ်း လိုအပ်ချက်အပေါ် အစားထိုးခန့်အပ်တာတွေနဲ့ ပတ်သက်ပြီး အရည်အချင်း သတ်မှတ်ချက်မပြည့်မီတဲ့ ကျောင်းသားကျောင်းသူတွေကို သင်ကြားရေးမှာ အစားထိုးခန့်အပ်တာဟာ တက်ရောက်တဲ့ ကျောင်းသူတွေအတွက် အရည်အချင်းပြည့်မီတဲ့ ကျောင်းသားကျောင်းသူတွေဖြစ်လာမှာ မဟုတ်ဘူးလို့ ကျောင်းသားမိဘတွေရဲ့ ဝေဖန်မှုတွေရှိနေပါတယ်။

ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီခန့် ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

အလားတူ မော်လမြိုင်တက္ကသိုလ်မှာ နေ့သင်တန်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ စတုတ္ထနှစ် ဥပဒေပညာ (ဒုတိယနှစ်ဝက်) သင်တန်းမှာ ၁၅၂ ဦး၊ မဟာအရည်အချင်းစစ် သင်တန်းမှာ ၆၃ ဦး၊ တတိယနှစ် ဂုဏ်ထူးတန်းသင်တန်းမှာ ၄၁ ဦး၊ မဟာတန်း ပထမနှစ် (ဝိဇ္ဇာ၊ သိပ္ပံ) သင်တန်းမှာ ၇၉ ဦး၊ မဟာတန်း ဒုတိယနှစ် (ဝိဇ္ဇာ၊ သိပ္ပံ) သင်တန်းမှာ ၃၃ ဦး ဘာသာရပ်အလိုက် တက်ရောက်သင်ကြားမှာ ဖြစ်ပါတယ်။

ကျောင်းသားကျောင်းသူတွေကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်တွေနဲ့အညီ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up