close

မိုးပျံဘောလုံး

close

February 20, 2023

မိုးပျံဘောလုံးနှင့်ပတ်သက်သည့် အကျိုးဆက်အားလုံးကို ခံယူမည်ဟု တရုတ်ပြော

ဒီလထဲမှာ အမေရိကန်စစ်တပ်က ပစ်ချခဲ့တဲ့ တရုတ်မိုးပျံဘောလုံးနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ တိုးလာခဲ့ရင် အကျိုးဆက်အားလုံးကို ခံယူမယ်လို့ တရုတ်အစိုးရက  အမေရိကန်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောဆို လိုက်ပါတယ်။

မြူးနစ်လုံခြုံရေးညီလာခံမှာ သံတမန်တွေ ၃ ရက်ကြာ ဆွေးနွေးအပြီး တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ယိုယွင်းလာပြီးနောက် စာနဲ့ရေးသားထားတဲ့ ကြေညာချက် ထွက်လာခဲ့တာပါ။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ မိုးပျံဘောလုံး ကိစ္စနဲ့ တရုတ်က ရုရှားကို ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး အချေအတင် ငြင်းခုန်ခဲ့ကြပါတယ်။

မြူးနစ်လုံခြုံရေးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးအတွင်း ဖေဖော်ဝါရီ ၁၈ ရက် ညနေက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ်အဆင့်မြင့်သံတမန် ဝမ်ယိတို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအတွင်း တရုတ်က ပစ္စည်းတွေထောက်ပံ့ခဲ့တာရဲ့ အကျိုးဆက်ကို ဝမ်ယိကို သတိပေးခဲ့တယ်လို့ ဘလင်ကန်က အမေရိကန်ရုပ်သံနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက် မြူးနစ်ညီလာခံအတွင်း ဝမ်ယိက သူလျှိုဘောလုံးအပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်ချက်က စိတ်ကစဉ့်ကလျား ဖြစ်နေသလိုပဲလို့ ကြိမ်းမောင်းပြောဆိုခဲ့အပြီး နာရီပိုင်းအတွင်း ဘလင်ကန်နဲ့ ဝမ်ယိတို့ရဲ့ အစည်းအဝေး ဖြစ်လာခဲ့တာပါ။

အမေရိကန် ဒုသမ္မတ ကမ်မလာဟားရစ်ကလည်း တရုတ်က ရုရှားကို ထောက်ပံ့မှုဟာ ရန်လိုမှုကို ဆုချနေသလိုပဲလို့  ညီလာခံမိန့်ခွန်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။

တရုတ်က ရုရှားကို လူသေစေနိုင်လောက်တဲ့ အထောက်အပံ့တွေ ပေးနေတဲ့ ခြေလှမ်းတိုင်းဟာ ရန်လိုမှုကို ဆုချတာသာဖြစ်ပြီး သတ်ဖြတ်မှုတွေ ဆက်ဖြစ်လာစေလိမ့်မယ်၊ စည်းမျဉ်းအခြေပြု ထုံးတမ်းလိုက်နာမှုတွေကို လှိုက်စားသလို ဖြစ်လိမ့်မယ်လို့ ဟားရစ်က ပြောခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို မကျူးကျော်မီ အချိန်တိုအတွင်းမှာ ရုရှားနဲ့ တရုတ်တို့ကြား အကန့်အသတ်မဲ့ မိတ်ဘက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

တရုတ်ရဲ့ ယူကရိန်းစစ်ပွဲအပေါ် တုံ့ပြန်ပုံကို အနောက်နိုင်ငံတွေက စိုးရိမ်ခဲ့ကြပြီး ရုရှားရဲ့အောင်ပွဲဟာ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ အရေးယူဆောင်ရွက်ချက်အပေါ် အရောင်ဆိုးလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။

တရုတ်ဟာ ယူကရိန်းစစ်ပွဲကို ပြစ်တင်ရှုတ်ချတာ မလုပ်ရုံသာမက ကျူးကျော်မှုလို့ပါ ခေါ်ဝေါ်သုံးနှုံးတာမျိုး မလုပ်ခဲ့ပါဘူး။

41 mins Ago

February 16, 2023

ကိယက်ဗ်မြို့ပေါ် ပျံသန်းလာသည့် ရုရှားမိုးပျံဘောလုံး ၆ လုံးကို ယူကရိန်းပစ်ချ

ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိယက်ဗ်ရဲ့ ကောင်းကင်ယံမှာ ရုရှားမိုးပျံဘောလုံး ၆ လုံးကို တွေ့လို့ လေကြောင်းရန်ကာကွယ်ရေးတပ်တွေက ပစ်ချခဲ့တယ်လို့ ယူကရိန်းမြို့တော် စစ်တပ်ကွပ်ကဲရေးရုံးက ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောပါတယ်။

ဘောလုံးတွေမှာ ရောင်ပြန်အလင်းပြန်ကိရိယာတွေနဲ့ ကင်းထောက်ကိရိယာတွေ တပ်ဆင်ထားနိုင်လို့ ဗုဒ္ဓဟူးနေ့က ကိယက်ဗ်မြို့တော်မှာ လေကြောင်းသတိပေး ဥဩသံတွေ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားဟာ သူ့ရဲ့ ကင်းထောက်ဒရုန်းယာဉ်တွေ အရေအတွက်ကို ထိန်းထားဖို့ မိုးပျံဘောလုံးတွေကို မောင်းသူမဲ့လေယာဉ်တွေနေရာမှာ အသစ်အစားထိုးသုံးခဲ့တာ ဖြစ်နိုင်တယ်လို့ ယူကရိန်းလေတပ်ပြောခွင့်ရ ယူရီ အင်းနတ်ထ်က ပြောပါတယ်။

“ဒီဘောလုံးတွေနဲ့ အလင်းပြန်ကိရိယာတွေကို ပစ်ချဖို့ ရန်သူဟာ ကျနော်တို့တပ်တွေကို ကျနော်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ၊ အင်အားတွေနဲ့ နည်းလမ်းတွေ ထုတ်သုံးစေချင်နေတယ်” လို့လည်း သူက ယူကရိန်းရုပ်သံကနေ ပြောပါတယ်။

ရုရှားကတော့ ကိယက်ဗ်မြို့တော်အပေါ် ဖြတ်ပျံခဲ့တဲ့ မိုးပျံဘောလုံးတွေအကြောင်း မှတ်ချက်တစုံတရာ မပေးခဲ့ပါဘူး။

4 days Ago
Up