မိုးပျံဘောလုံးနှင့်ပတ်သက်သည့် အကျိုးဆက်အားလုံးကို ခံယူမည်ဟု တရုတ်ပြော

ဒီလထဲမှာ အမေရိကန်စစ်တပ်က ပစ်ချခဲ့တဲ့ တရုတ်မိုးပျံဘောလုံးနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေ တိုးလာခဲ့ရင် အကျိုးဆက်အားလုံးကို ခံယူမယ်လို့ တရုတ်အစိုးရက အမေရိကန်ကို ဖေဖော်ဝါရီ ၁၉ ရက်မှာ ပြောဆို လိုက်ပါတယ်။
မြူးနစ်လုံခြုံရေးညီလာခံမှာ သံတမန်တွေ ၃ ရက်ကြာ ဆွေးနွေးအပြီး တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး ယိုယွင်းလာပြီးနောက် စာနဲ့ရေးသားထားတဲ့ ကြေညာချက် ထွက်လာခဲ့တာပါ။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာ မိုးပျံဘောလုံး ကိစ္စနဲ့ တရုတ်က ရုရှားကို ထောက်ပံ့မှုတွေနဲ့ ပတ်သက်ပြီး အချေအတင် ငြင်းခုန်ခဲ့ကြပါတယ်။
မြူးနစ်လုံခြုံရေးညီလာခံနဲ့ ဆက်စပ်အစည်းအဝေးအတွင်း ဖေဖော်ဝါရီ ၁၈ ရက် ညနေက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ်အဆင့်မြင့်သံတမန် ဝမ်ယိတို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီနောက် ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုအတွင်း တရုတ်က ပစ္စည်းတွေထောက်ပံ့ခဲ့တာရဲ့ အကျိုးဆက်ကို ဝမ်ယိကို သတိပေးခဲ့တယ်လို့ ဘလင်ကန်က အမေရိကန်ရုပ်သံနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် မြူးနစ်ညီလာခံအတွင်း ဝမ်ယိက သူလျှိုဘောလုံးအပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်ချက်က စိတ်ကစဉ့်ကလျား ဖြစ်နေသလိုပဲလို့ ကြိမ်းမောင်းပြောဆိုခဲ့အပြီး နာရီပိုင်းအတွင်း ဘလင်ကန်နဲ့ ဝမ်ယိတို့ရဲ့ အစည်းအဝေး ဖြစ်လာခဲ့တာပါ။
အမေရိကန် ဒုသမ္မတ ကမ်မလာဟားရစ်ကလည်း တရုတ်က ရုရှားကို ထောက်ပံ့မှုဟာ ရန်လိုမှုကို ဆုချနေသလိုပဲလို့ ညီလာခံမိန့်ခွန်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။
တရုတ်က ရုရှားကို လူသေစေနိုင်လောက်တဲ့ အထောက်အပံ့တွေ ပေးနေတဲ့ ခြေလှမ်းတိုင်းဟာ ရန်လိုမှုကို ဆုချတာသာဖြစ်ပြီး သတ်ဖြတ်မှုတွေ ဆက်ဖြစ်လာစေလိမ့်မယ်၊ စည်းမျဉ်းအခြေပြု ထုံးတမ်းလိုက်နာမှုတွေကို လှိုက်စားသလို ဖြစ်လိမ့်မယ်လို့ ဟားရစ်က ပြောခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို မကျူးကျော်မီ အချိန်တိုအတွင်းမှာ ရုရှားနဲ့ တရုတ်တို့ကြား အကန့်အသတ်မဲ့ မိတ်ဘက်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
တရုတ်ရဲ့ ယူကရိန်းစစ်ပွဲအပေါ် တုံ့ပြန်ပုံကို အနောက်နိုင်ငံတွေက စိုးရိမ်ခဲ့ကြပြီး ရုရှားရဲ့အောင်ပွဲဟာ ထိုင်ဝမ်အပေါ် တရုတ်ရဲ့ အရေးယူဆောင်ရွက်ချက်အပေါ် အရောင်ဆိုးလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။
တရုတ်ဟာ ယူကရိန်းစစ်ပွဲကို ပြစ်တင်ရှုတ်ချတာ မလုပ်ရုံသာမက ကျူးကျော်မှုလို့ပါ ခေါ်ဝေါ်သုံးနှုံးတာမျိုး မလုပ်ခဲ့ပါဘူး။