ဘယ်လ်ဂျီယံနိုင်ငံမှာ ဝန်ထမ်းရှားပါးမှုနဲ့ ၂၀၃၀ ပြည့်နှစ်မှာ အငြိမ်းစားယူမယ့် အသက်အရွယ် ၆၇ နှစ်ထိတိုးလိုက်တဲ့အပေါ် မတ်လ ၇ ရက်က မီးသတ်သမား အင်အား ၆၀၀ လောက် ဆန္ဒပြခဲ့တယ်လို့ ဘရပ်ဆဲလ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘယ်လ်ဂျီယံသမဂ္ဂ SLFP ရဲ့ ကိုယ်စားလှယ်ဖြစ်သူ သောမတ်စ် ကို့ထ်တန်စ်က “မီးသတ်သမားတွေဟာ ကင်ဆာအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါတွေနဲ့ ထိတွေ့နေရတာဖြစ်ပြီး အသက် ၆၇ နှစ်ကျမှ ဝန်ထမ်းဘဝကို အဆုံးသတ်ခိုင်းတာဟာ ကျနော်တို့ကို သတ်နေတာပဲ” လို့ ပြောပါတယ်။
မီးသတ်သမားတွေကိုလည်း တခြားသူတွေလိုပဲ အငြိမ်းစားယူတာကို ပြုပြင်ပြောင်းလဲမှုအပေါ် တွန်းအားပေးနေတာဖြစ်ပြီး ဒီလို ၈ နှစ်အတွင်း အဆိပ်သင့်လက်ဆောင်မျိုးတော့ မလိုချင်ကြောင်းနဲ့ ပြည်ထဲရေးဝန်ကြီး မစ္စ အန်နာလီစ် ဗယ်လင်ဒန်နဲ့တွေ့ပြီး ဒီလောက်ဆို လုံလောက်ပြီ ဆိုတဲ့အကြောင်း ပြောချင်ပါတယ်လို့ ဘယ်လ်ဂျီယံသမဂ္ဂ SLFP ရဲ့ ကိုယ်စားလှယ် သောမတ်စ် ကို့ထ်တန်စ်က ဆိုပါတယ်။
သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ဘယ်လ်ဂျီယံယူနီယံ CGSP အတွက် ကိုယ်စားလှယ်ဖြစ်တဲ့ မီးသတ်သမား ဆေအိဒ် တိုအူလ်ကလည်း ဝန်ထမ်းပြတ်လပ်မှုကြောင့် ပြီးခဲ့တဲ့နွေရာသီက ဘယ်လ်ဂျီယံနိုင်ငံ အနောက်တောင်ပိုင်းမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှုအတွင်း ပြင်သစ်ကနေ အကူအညီတောင်းခံမှုကို မဖြေရှင်းပေးနိုင်ခဲ့ကြောင်းပြောပါတယ်။
ဒါပေမဲ့ ပိုလန်နိုင်ငံကတော့ အဲဒါကို လုပ်ပေးနိုင်ခဲ့ကြောင်း ပြောပြပါတယ်။ အဲဒါတွေကြောင့် ဝန်ထမ်းအင်အား ပြတ်လပ်နေတာကို ဖြေရှင်းပေးဖို့၊ ပင်စင်စောစောယူခွင့်နဲ့ လုပ်ငန်းခွင် ရောဂါတွေကို အသိအမှတ်ပြုပေးခြင်းတို့ကို တောင်းဆိုနေတာဖြစ်ကြောင်း သူကဆိုပါတယ်။
ဘရပ်ဆဲလ်မီးသတ်တပ်ဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေဟာ တရားဝင်ကြောင်းနဲ့ မီးသတ်သမားတွေရဲ့ အလုပ်အကိုင် အခက်အခဲနဲ့ သက်တမ်းလျှော့ချမှုတွေကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ဆိုပါတယ်။
ဘရပ်ဆဲလ် မီးသတ်တပ်ဖွဲ့ဟာ မီးသတ်သမားတွေရဲ့ အသုံးစရိတ်ကို တိုးမြှင့်ပေးဖို့နဲ့ သူတို့အပေါ် တိုက်ခိုက်မှုကျူးလွန်သူတွေကို အရေးယူမှုတွေ ပိုလုပ်ပေးဖို့ အစိုးရကို ထပ်မံတောင်းဆိုခဲ့ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံမှာ မီးသတ်သမား ၂၅၀ ဟာ သူတို့အလုပ်ခွင်ထဲမှာ တိုက်ခိုက်ခံရတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း သိရှိစေဖို့ ဘယ်လ်ဂျီယံ အစိုးရဌာနချုပ် အပြင်ဘက်မှာ ဇန်နဝါရီ ၂၇ ရက်က ဆန္ဒပြခဲ့ကြတယ်လို့ ဘရပ်ဆဲလ် ရဲတပ်ဖွဲ့က ပြောပါတယ်။
အစိုးရဝန်ထမ်းများ သမဂ္ဂကိုယ်စားလှယ် Eric Labourdette က သူတို့တွေဟာ ပုံမှန် လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ရာမှာ တမင်သက်သက် ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ပိုများလာပြီး ကျူးလွန်သူတွေကို တရားစွဲဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။
ဘရပ်ဆဲလ်နဲ့ ပြင်သစ်ရဲ့ ဆင်ခြေဖုံးဒေသ တချို့ရှိ လုံခြုံရေး အခြေအနေတွေကို တချိန်တည်း တပြိုင်တည်း တာဝန်ယူပေးဖို့လည်း သူက တောင်းဆိုပါတယ်။
တချို့လူသိများတဲ့ ရပ်ကွက်နေရာတွေကို သူတို့ဝင်လာတာနဲ့ကို အဆောက်အဦထိပ်ကနေ ဥယျာဉ်သုံး ပစ္စည်းတွေကို ပစ်ချတာမျိုးခံရကြောင်း ပြောပြပါတယ်။
စာနယ်ဇင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားကြောင်းနဲ့ သူတို့ တိုက်ခိုက်မခံရတဲ့ နေ့ရက်မျိုးကို ဂုဏ်ယူနေရပြီး တိုက်ခိုက်ခံရတဲ့နေ့တွေဆိုလည်း ပုံမှန်ဖြစ်ရပ် လို့ သဘောထားနေရကြောင်းလည်း ပြောပြပါတယ်။
လစ်ဘရယ်သမဂ္ဂ ကိုယ်စားလှယ် အဲရစ်ခ် လေ့ဘာဒထ် က မီးသတ်သမားတွေရဲ့ ဘတ်ဂျက်ကို တိုးမြှင့်ပေးဖို့လည်း အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြသူတွေဟာ မြို့တော်ရဲ့ သမိုင်းဝင် စင်တာနဲ့ ဥရောပခရိုင်ကြားရှိ လမ်းဆုံလမ်းခွကြားမှာ ခဏတာလောက် ရပ်နားပြီးနောက်မှာ ငြိမ်းချမ်းစွာ လူစုခွဲပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။