ပင်စင်အသက်အရွယ် တိုးမြှင့်မှုအပေါ် ဘယ်လ်ဂျီယံမီးသတ်သမားများ ဆန္ဒပြ

ဘယ်လ်ဂျီယံနိုင်ငံမှာ ဝန်ထမ်းရှားပါးမှုနဲ့ ၂၀၃၀ ပြည့်နှစ်မှာ အငြိမ်းစားယူမယ့် အသက်အရွယ် ၆၇ နှစ်ထိတိုးလိုက်တဲ့အပေါ် မတ်လ ၇ ရက်က မီးသတ်သမား အင်အား ၆၀၀ လောက် ဆန္ဒပြခဲ့တယ်လို့ ဘရပ်ဆဲလ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘယ်လ်ဂျီယံသမဂ္ဂ SLFP ရဲ့ ကိုယ်စားလှယ်ဖြစ်သူ သောမတ်စ် ကို့ထ်တန်စ်က “မီးသတ်သမားတွေဟာ ကင်ဆာအပါအဝင် လုပ်ငန်းခွင်ဆိုင်ရာ ရောဂါတွေနဲ့ ထိတွေ့နေရတာဖြစ်ပြီး အသက် ၆၇ နှစ်ကျမှ ဝန်ထမ်းဘဝကို အဆုံးသတ်ခိုင်းတာဟာ ကျနော်တို့ကို သတ်နေတာပဲ” လို့ ပြောပါတယ်။
မီးသတ်သမားတွေကိုလည်း တခြားသူတွေလိုပဲ အငြိမ်းစားယူတာကို ပြုပြင်ပြောင်းလဲမှုအပေါ် တွန်းအားပေးနေတာဖြစ်ပြီး ဒီလို ၈ နှစ်အတွင်း အဆိပ်သင့်လက်ဆောင်မျိုးတော့ မလိုချင်ကြောင်းနဲ့ ပြည်ထဲရေးဝန်ကြီး မစ္စ အန်နာလီစ် ဗယ်လင်ဒန်နဲ့တွေ့ပြီး ဒီလောက်ဆို လုံလောက်ပြီ ဆိုတဲ့အကြောင်း ပြောချင်ပါတယ်လို့ ဘယ်လ်ဂျီယံသမဂ္ဂ SLFP ရဲ့ ကိုယ်စားလှယ် သောမတ်စ် ကို့ထ်တန်စ်က ဆိုပါတယ်။
သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ဘယ်လ်ဂျီယံယူနီယံ CGSP အတွက် ကိုယ်စားလှယ်ဖြစ်တဲ့ မီးသတ်သမား ဆေအိဒ် တိုအူလ်ကလည်း ဝန်ထမ်းပြတ်လပ်မှုကြောင့် ပြီးခဲ့တဲ့နွေရာသီက ဘယ်လ်ဂျီယံနိုင်ငံ အနောက်တောင်ပိုင်းမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှုအတွင်း ပြင်သစ်ကနေ အကူအညီတောင်းခံမှုကို မဖြေရှင်းပေးနိုင်ခဲ့ကြောင်းပြောပါတယ်။
ဒါပေမဲ့ ပိုလန်နိုင်ငံကတော့ အဲဒါကို လုပ်ပေးနိုင်ခဲ့ကြောင်း ပြောပြပါတယ်။ အဲဒါတွေကြောင့် ဝန်ထမ်းအင်အား ပြတ်လပ်နေတာကို ဖြေရှင်းပေးဖို့၊ ပင်စင်စောစောယူခွင့်နဲ့ လုပ်ငန်းခွင် ရောဂါတွေကို အသိအမှတ်ပြုပေးခြင်းတို့ကို တောင်းဆိုနေတာဖြစ်ကြောင်း သူကဆိုပါတယ်။
ဘရပ်ဆဲလ်မီးသတ်တပ်ဖွဲ့ အထွေထွေ ညွှန်ကြားရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်မှာ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်တွေဟာ တရားဝင်ကြောင်းနဲ့ မီးသတ်သမားတွေရဲ့ အလုပ်အကိုင် အခက်အခဲနဲ့ သက်တမ်းလျှော့ချမှုတွေကို ထည့်သွင်းစဉ်းစားရမယ်လို့လည်း ဆိုပါတယ်။
ဘရပ်ဆဲလ် မီးသတ်တပ်ဖွဲ့ဟာ မီးသတ်သမားတွေရဲ့ အသုံးစရိတ်ကို တိုးမြှင့်ပေးဖို့နဲ့ သူတို့အပေါ် တိုက်ခိုက်မှုကျူးလွန်သူတွေကို အရေးယူမှုတွေ ပိုလုပ်ပေးဖို့ အစိုးရကို ထပ်မံတောင်းဆိုခဲ့ပါတယ်။