ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ သြဇာလွှမ်းမိုးခဲ့တဲ့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူ ဟာဗေးဝိန်းစတိန်းဟာ ၂၀၁၃ ခုနှစ်က လော့စ်အိန်ဂျလိစ်မြို့မှာ သရုပ်ဆောင်မင်းသမီးတဦး အပေါ် အဓမ္မပြုကျင့်ခဲ့မှုအတွက် ဖေဖော်ဝါရီ ၂၃ ရက်က ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခံရပါတယ်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလက လော့စ်အိန်ဂျလိစ်မြို့ ဟိုတယ်တခုမှာ ဂျိန်းဒိုး-၁ ဆိုပြီး တရားရုံးက အမည်လွှဲသတ်မှတ်ထားတဲ့ မော်ဒယ်သရုပ်ဆောင်ဟောင်းတဦးအပေါ် ဝိန်းစတိန်းက လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တာ ဖြစ်ပါတယ်။ ဝိန်းစတိန်းက သူ့အနေနဲ့ ဂျိန်းဒိုး-၁ ကို မသိရှိသလို ဒီဖြစ်ရပ်ဟာလည်း ငွေလိုချင်တာကြောင့်သာ လုပ်ကြံဖန်တီးထားတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က တရားရုံးမှာ ထွက်ဆိုပါတယ်။
ဒါ့အပြင် သူနဲ့ လိင်ပိုင်းဆိုင်ရာ တွေ့ဆုံမှုအားလုံးဟာ ကြည်ကြည်ဖြူဖြူရှိခဲ့ပြီး လော့စ်အိန်ဂျလိစ်အမှုမှာ အပြစ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
တရားရုံးမှာ ဝှီးချဲပေါ်ကနေ စကားပြောနေတဲ့ ဝိန်းစတိန်းဟာ တရားသူကြီးကို ထောင်ဒဏ် တသက်တကျွန်း မချမှတ်ဖို့ အသနားခံ တောင်းဆိုခဲ့ပါတယ်။
လော့စ်အိန်ဂျလိစ် တရားရုံးက အမိန့်ချမှတ်လိုက်တဲ့ ထောင်ဒဏ် ၁၆ နှစ် အပါအဝင် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာလည်း နယူးယောက်တရားရုံးတခုက လိင်ပိုင်းဆိုင်ရာ မလျော်မကန် ပြုမူမှုကြောင့် ဝိန်းစတိန်းကို ထောင်ဒဏ် ၂၃ နှစ်အထိ ချမှတ်ထားပြီး ဖြစ်တဲ့အတွက် အသက် ၇၀ အရွယ် အမေရိကန် ရုပ်ရှင်ထုတ်လုပ်သူဟာ ကျန်ရှိနေသေးတဲ့ဘဝကို ထောင်ထဲမှာသာ ကုန်ဆုံးရဖို့ရှိပါတယ်။
သူဟာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ နယူးယောက်မြို့ကနေ လော့စ်အိန်ဂျလိစ်မြို့ကို တရားခံအဖြစ် လွှဲပြောင်းရောက်ရှိလာခဲ့တာပါ။
ဝိန်းစတိန်းအပေါ် ကနဦးစွဲချက် ၁၁ ခုအထိ ရှိရာက ၄ ခုကို တရားရုံးတွေက ပယ်ချခဲ့တာကြောင့် ကျန်ရှိနေသေးတဲ့ အမှု ၇ မှုမှာ ၃ မှုအတွက် အပြစ်ရှိကြောင်း လောလောဆယ် အမိန့်ချမှတ်ထားပါတယ်။
ဝိန်းစတိန်းအပေါ် လက်ရှိစွပ်စွဲချက်တွေဟာ မီဒီယာ၊ နိုင်ငံရေးနဲ့ တခြားနယ်ပယ်တွေက သြဇာရှိတဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးတွေအနေနဲ့ ထုတ်ဖော်ပြောဆိုလာအောင် တွန်းအားပေးနိုင်ခဲ့တဲ့ #MeToo လှုပ်ရှားမှုကို ပိုမိုကြီးထွားလာစေခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ထဲမှာ အရက်မူးနေနဲ့ မြန်မာနိုင်ငံသား အမျိုးသားတဦးက သူ့ရဲ့ဇနီးသည်ကို သူငယ်ချင်းဖြစ်သူနဲ့အတူ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ Thairath သတင်းမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က အုန်းဖျန်မြို့နယ် နောင်လုံကျေးရွာအနီးရှိ တောစပ်မှာ သေဆုံးနေတဲ့အမျိုးသမီးအလောင်း တွေ့ရှိကြောင်းရွာသားတွေက သတင်းပေးလို့ သွားရောက်စစ်ဆေးရာမှာ တီရှပ်အနီ၊ ထဘီအနီဝတ်ထားပြီး ရိုက်နှက်ခံထားရတဲ့ဒဏ်ရာ၊ အဓမ္မပြုကျင့်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ ကျော်အမျိုးသမီးကို တွေ့ရတာလို့ အုန်းဖျန်နယ်မြေရဲစခန်း တာဝန်ကျ ရဲမှူး ကမ်းထွဏ်း အွန်ထောင်းန် က သတင်းထောက်တွေကို ပြောပါတယ်။
မျက်မြင်ရွာသားတွေ ပြောပြချက်အရ သေဆုံးသူမှာ အသက် ၃၅ နှစ်ရွယ်ရှိ ကရင်တိုင်းရင်းသား မြန်မာနိုင်ငံသား နော်ခြည်ဖြစ်ပြီး အခင်းမဖြစ်ခင် သူဟာ လင်ယောက်ျား နိုင်းနွဲ့ အသက်၃၂ နှစ် မြန်မာ/ကရင်နဲ့တကွ သူ့ အပေါင်းအဖော်တွေနဲ့အတူ ဝိုင်းဖွဲ့ အရက် သောက်ခဲ့တယ်လို့ဆိုပါတယ်။
နော်ခြည်သေဆုံးပြီးတဲ့နောက် သူ့ယောက်ျားနဲ့သူငယ်ချင်းတွေ မြန်မာဘက်ခြမ်းထွက် ပြေးသွားလို့ ရဲတပ်ဖွဲ့က မြန်မာအာဏာပိုင်တွေကို ကူညီဖမ်းဆီးပေးဖို့ အကြောင်းကြားခဲ့ရာမှာ မြန်မာရဲက လိုက်စုံစမ်းနေလို့ သူတို့ဟာ ထိုင်းဘက်ကိုပြန်ပြေး လာစဉ် သူငယ်ချင်းဖြစ်သူ နိုင်းချစ်သူ ၂၉ နှစ် ကို ဇန်နဝါရီ ၃ ရက်မှာ ထိုင်းရဲက အရင်ဖမ်းမိခဲ့ပါတယ်။
နိုင်ချစ်သူက သူတို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ က အရက်ဝိုင်းဖွဲ့သောက်ကြစဉ် မူးလာတဲ့အခါ နိုင်းနွဲ့က သူ့မိန်းမနဲ့ သူ့ကို ဆိုင်ကယ်နဲ့ ရွာပြင်ခေါ်သွားကြောင်း၊ တောစပ် တနေရာမှာ သူ့မိန်းမကို ရိုက်နှက်မုဒိမ်းကျင့်ဖို့ပြောတာနဲ့ သူလည်းနိုင်းနွဲ့ပြောတဲ့အတိုင်း လိုက်လုပ်ရကြောင်း ၊ သူလုပ်သမျှ နိုင်းနွဲ့က စောင့်ကြည့်နေပြီး နော်ခြည်သေသွားတော့ နိုင်းနွဲ့က ထပ်ပြီးမုဒိမ်းကျင့်ခဲ့တယ်လို့ ဖြောင့်ချက်ပေးပါတယ်။
နိုင်းချစ်သူရဲ့ ပြောပြချက်အရ အဲဒီနေ့မှာဘဲ တဲအိမ်တစ်လုံးမှာ အရက်မူးပြီးအိပ်နေတဲ့ နိုင်းနွဲ့ကို ရဲတွေက ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ရဲတွေက သူတို့ကျူးလွန်ခဲ့ပုံတွေကို သရုပ်ပြပြန်လုပ်ခိုင်းရာမှာ နိုင်းချစ်သူက နော်ခြည်ကို လည်ပင်းညှစ်နေတဲ့ပုံပါလုပ်ပြခဲ့ပါတယ်။
တာဝန်ရှိသူတွေက သူတို့နှစ်ဦးကို ပူးပေါင်းကြံစည်လူသတ်မှုအပြင် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ပါ အရေးယူသွားမယ်လို့ ဆိုပါတယ်။
နိုင်းနွဲ့ဟာ အရင်ကလည်း မိန်းမဖြစ်သူကို အရက်မူးတိုင်းအမြဲနှိပ်စက်ရိုက်နှက်လေ့ရှိပြီး ခုလိုဖမ်းပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ရွာသူကြီးနဲ့ ရွာသားကိုယ်စားလှယ်တွေက ရဲစခန်းကိုလာရောက် ကျေးဇူးတင်စကား လာရောက် ပြောကြားခဲ့တယ်လို့ ထိုင်းသတင်းမှာ ရေးပါတယ်။
ကိုးကား - news.ch7.com