close

ရာသီဥတုပြောင်းလဲမှု

close

November 10, 2022

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

ကုလသမဂ္ဂ COP27 ထိပ်သီးအစည်းအဝေးကျင်းပရာ အီဂျစ်နိုင်ငံရဲ့ ပင်လယ်နီ အပန်းဖြေမြို့က သတ်မှတ်ဧရိယာမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေဟာ နိုဝင်ဘာ ၉ ရက်က စုဝေးဆန္ဒပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၉ ရက် အစောပိုင်းက ပင်မထိပ်သီးအစည်းအဝေး ကျင်းပရာနေရာ အပြင်ဘက်ရှိ စီးပွားရေးဆိုင်ရာ ပြပွဲတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် သတ်မှတ်ပေးထားတဲ့ ‘စိမ်းလန်းဇုန်’ ဧရိယာမှာ ကျောင်းသား ၃၂ ယောက်ဟာ ညီလာခံကျင်းပနေတဲ့ ရှမ်အယ်လ်ရှိတ်မြို့မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် သန္တာကျောက်တန်းတွေ ပျက်စီးသွားပုံအကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

ဒီစုဝေးမှုတွေမှာ အချိန် ၁ နာရီထက် ပိုစုဝေးကြသူတွေ ဘယ်သူမှမရှိကြဘဲ တချို့ကလည်း တနာရီမပြည့်သေးခင်မှာပဲ လူစုခွဲသွားကြပါတယ်။

သူတို့အားလုံးကို သီတင်း ၂ ပတ်ကြာကျင်းပတဲ့ နိုင်ငံတကာ ထိပ်သီးအစည်းအဝေး ကာလအတွင်း ကုလသမဂ္ဂ တာဝန်ယူထားတဲ့ နေရာတွေမှာ ထိန်းသိမ်းထားပါတယ်။

COP27 ညီလာခံမတိုင်ခင် တက်ကြွလှုပ်ရှားသူတွေဟာ အီဂျစ်နိုင်ငံရှိ လုံခြုံရေးအဆင့်မြှင့်ထားတဲ့ ခရီးသွားအပန်းဖြေစခန်းမှာ သူတို့ရဲ့အသံတွေကို ကန့်သတ်ထားမှာ စိုးရိမ်ခဲ့ကြပါတယ်။

အီဂျစ်အစိုးရကတော့ ကန့်သတ်ဇုန်အတွင်း ဆန္ဒပြမှုတွေကို ခွင့်ပြုမယ်လို့ ပြောထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေဟာ ဒီထိပ်သီးစည်းဝေးပွဲ မတိုင်ခင် တနှစ်တာလုံး ပြင်ဆင်ကြိုးပမ်းထားရတာဖြစ်ပြီး အဲဒီထဲမှာ ရေကြီးတာ သို့မဟုတ် တောမီးလောင်တာလို ရာသီဥတုကြောင့် ဖြစ်လာရတဲ့ ကပ်ဘေးတွေကို ကြုံတွေ့ထိခိုက်ခဲ့ရတဲ့ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေကို လျော်ကြေးပေးဖို့ တောင်းဆိုတာတွေ ပါဝင်တယ်လို့ ရာသီဥတုမူဝါဒမှာ ကျား မ တန်းတူညီမျှရေး လှုံ့ဆော်သူ တောင်အာဖရိကမှ အသက် ၂၉ နှစ်အရွယ် ဇူကီဆွာ ဝှိုက်က ပြောပါတယ်။

ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆုံးရှုံးမှုနဲ့ နစ်နာကြေးပေးချေမှု ပြဿနာကို ညီလာခံအစီအစဉ်ထဲမှာ ပထမဦးဆုံးအကြိမ် တင်ပြလို့ရလာခဲ့တာ ဖြစ်ပါတယ်။

37 mins Ago

ဖွံ့ဖြိုးရေးဘဏ်များက ဆင်းရဲသည့်နိုင်ငံများကို ပိုမိုပံ့ပိုးရန်လိုဟု ဂိတ်စ်ဖောင်‌ဒေးရှင်းစီအီးအို ပြော

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေဟာ ဆင်းရဲတဲ့နိုင်ငံတွေမှာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို လိုက်လျောညီထွေဖြစ်အောင် ဦးစားပေးလုပ်ဆောင်ဖို့ လိုတယ်လို့ ဘီလ် အန် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် မာ့ခ် ဆက်ဇ်မဲန်းက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

အီဂျစ်နိုင်ငံ၊ ရှမ်အယ်လ်ရှိတ်မြို့မှာ ကျင်းပနေတဲ့ COP27 ရာသီဥတုဆိုင်ရာ ဆွေးနွေးပွဲရဲ့ ဆက်စပ်အစည်းအဝေးမှာ မာ့ခ် ဆက်ဇ်မဲန်းက ပြောလိုက်တာပါ။

လိုက်လျောညီထွေဖြစ်အောင်နေတဲ့ ဘဏ္ဍာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလာပေမဲ့ လိုအပ်တာထက် နည်းပါးနေသေးတယ်လို့လည်း သူက ပြောပါတယ်။

လိုက်လျောညီထွေဖြစ်ရေး ခေါင်းစဉ်ကို နိုဝင်ဘာ ၈ ရက်နေ့ကျင်းပတဲ့ ညီလာခံရဲ့ အဓိက အကြောင်းအရာအဖြစ် သတ်မှတ်ထားပါတယ်။

ဖောင်ဒေးရှင်းဟာ အသေးစား တောင်သူလယ်သမားတွေ ရာသီဥတုဘေးကို ပိုမိုခံနိုင်ရည် ရှိလာစေရေး ကူညီပေးဖို့ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကတိပြုခဲ့ပါတယ်။ ဒါဟာ အခုအချိန်အထိ လိုက်လျောညီထွေဖြစ်စေရေး အကြီးမားဆုံး ပံ့ပိုးကူညီမှုဖြစ်ခဲ့ပါတယ်။

ကမ္ဘာ့အကြီးဆုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဘဏ် MDBs တွေဟာ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေ အတွက် ၂၀၂၁ ခုနှစ်မှာ လိုက်လျောညီထွေဖြစ်တဲ့ ဘဏ္ဍာငွေအတွက် ဒေါ်လာ ၁၇ ဘီလီယံ သုံးစွဲခဲ့တယ်လို့ ငွေချေးသူတွေရဲ့ မကြာသေးမီက အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ယူကရိန်းပဋိပက္ခကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်နဲ့ စားနပ်ရိက္ခာဖူလုံမှု အကျပ်အတည်းတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ ပိုဆိုးလာလို့ ကမ္ဘာ့ဘဏ်လို MDBs တွေ စုပေါင်းပြီး ဝင်ငွေနည်းတဲ့ အလယ်အလတ်နိုင်ငံတွေအတွက် ဘဏ္ဍာငွေ အများဆုံးပံ့ပိုးမှုတွေ ပိုလုပ်ဖို့လိုတယ်လို့ ဆက်ဇ်မဲန်းက ပြောခဲ့ပါတယ်။

3 hours Ago

November 8, 2022

ရာသီဥတုပြောင်းလဲမှု အရေးပေါ်ဆောင်ရွက်ရန် ကုလအတွင်းရေးမှူးချုပ် သတိပေး

အရေးယူဆောင်ရွက်တာတွေ အရေးပေါ် မလုပ်ခဲ့ရင် ကမ္ဘာကြီးဟာ ရာသီဥတုငရဲဆီကိုသွားရာ အမြန်လမ်းပေါ် ရောက်နေလိမ့်မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၇ရက်မှာ သတိပေးလိုက်ပါတယ်။

စက်မှုခေတ်မတိုင်ခင်ကထက် ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုပြီး ပူနွေးမလာတာ သေချာစေဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ အတူစုပေါင်း လုပ်ဆောင်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အပူချိန် ၁ ဒသမ ၅ ဒီဂရီပန်းတိုင်ကို ၂၀၁၅ ခုနှစ်က ပါရီသဘောတူညီချက်ကနေ ချမှတ်ခဲ့တာပါ။

ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ညီလာခံအတွက် ၂၇ ကြိမ်မြောက် အစည်းအဝေး (COP 27) မှာ မိန့်ခွန်းပြောရင်း ဂူတာရက်စ်က “ရာသီဥတု အကျပ်အတည်းဟာ ကျနော်တို့ခေတ်ရဲ့ အရေးကိစ္စတွေကို အဓိပ္ပာယ် ဖွင့်ဆိုနေတယ်” လို့လည်း ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှုရဲ့ အဆိုးဆုံး သက်ရောက်မှုတွေကို အကျပ်အတည်းဖန်တီးမှု အနည်းဆုံးသူတွေဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခံစားနေရပြီး သူတို့မှာ ကိုင်တွယ်ဖြေရှင်းဖို့ အနည်းဆုံး အရင်းအမြစ်တွေပဲ ရှိနေတယ်လို့လည်း ဂူတာရက်စ်က ပြောပါတယ်။

အခွင့်အရေး ပြတင်းပေါက်က ဖွင့်ထားဆဲဖြစ်ပေမဲ့ အလင်းတန်းကတော့ ကျဉ်းကျဉ်းပဲ ကျန်တော့တဲ့အတွက် တကမ္ဘာလုံးက အရေးယူ ဆောင်ရွက်ကြဖို့ သူ့ဆော်ဩချက်ကို ကုလအကြီးအကဲက ထပ်လောင်းတိုက်တွန်းခဲ့ပါတယ်။

2 days Ago
Up