close

ရုရှား-ယူကရိန်း

close

April 11, 2023

ရုရှား-ယူကရိန်း ပဋိပက္ခတွင် အမေရိကန်စွက်ဖက်မှု ပင်တဂွန်စစ်ဌာနချုပ် မှတ်တမ်းများ ပေါက်ကြား

အမေရိကန်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခမှာ ဘယ်လောက် နက်နက်နဲနဲ စွက်ဖက်ခဲ့တယ်ဆိုတဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်မှတ်တမ်းတွေ ပေါက်ကြားလာတဲ့အကြောင်း The New York Times သတင်းစာက ဧပြီလ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။ 

မကြာသေးမီရက်တွေအတွင်း၊ ယူကရိန်းနဲ့ ပတ်သက်တဲ့ နေတိုးစစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို အမျိုးအစားခွဲထားပုံရတဲ့၊ ဖုန်းနဲ့ ကွန်ပြူတာ မျက်နှာပြင်ကို ဓာတ်ပုံရိုက်ထားတဲ့ စခရင်ရှော့ပုံတွေကို လူမှုမီဒီယာ အင်တာနက်စာမျက်နှာတွေ ပေါ်မှာ တွေ့ခဲ့တာပါ။

ဒီပစ္စည်းတွေထဲမှာ ယူကရိန်းစစ်တပ်အင်အားနဲ့ လက်နက်ဖွဲ့စည်းပုံတွေ၊ စစ်မြေပြင်မြေပုံတွေ၊ နှစ်ဖက်စလုံးက အသေအပျောက်စာရင်းတွေနဲ့ ထိပ်တန်းလျှို့ဝှက်မှတ်သားထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ပါပါတယ်။ 

မကြာသေးမီက တယောက်ယောက်ဟာ လျှို့ဝှက်စစ်ရေးဆိုင်ရာ စာရွက်စာတမ်း ၁၀၀ ကျော်ကို ဆိုရှယ်မီဒီယာ စာမျက်နှာအများအပြားမှာ တင်ခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေါ်ထွက်နေခဲ့တယ်လို့ ကြာသပတေးနေ့ထုတ် The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။

ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေ မှန်ကန်ကြောင်း သက်သေပြနိုင်ရင် အမေရိကန်ဟာ ပဋိပက္ခမှာ ပိုပါလာနေပြီး အရင်ကသိထားတာထက် ယူကရိန်းထောက်လှမ်းရေးကို ပိုထောက်ပံ့ကူညီထားတယ်လို့ သတင်းစာက ဖော်ပြပါတယ်။

စာရွက်စာတမ်းတချို့ဟာ အသေးစိတ် တံဆိပ်တပ်ထားပြီး ရက်စွဲမတူတဲ့ စစ်မြေပြင်မြေပုံတွေရဲ့ ဓာတ်ပုံတွေပါ။ ဓာတ်ပုံတွေမှာ တပ်ထားတဲ့ အချိန်ဟာ ငါးပတ်လောက် ကြာမြင့်ပြီး နောက်ဆုံးရက်စွဲမှာ မတ်လ ၁ ရက်ဖြစ်ပါတယ်။

11 mins Ago

January 1, 2023

ရုရှား-ယူကရိန်း အကျည်းသားလဲလှယ်

ရုရှားနဲ့ ယူကရိန်းတို့က ဖမ်းထားတဲ့ စစ်သား ၂၀၀ ကျော်ကို ဒီဇင်ဘာ ၃၁ ရက်က လွှတ်ပေးခဲ့ပြီး ဒါဟာ ၁၀ လကြာ ပဋိပက္ခအတွင်း နှစ်ဘက်ကြား နောက်ဆုံးအကျဉ်းသား လဲလှယ်တာလည်း ဖြစ်ပါတယ်။

ယူကရိန်း တပ်ဖွဲ့ဝင် ၈၂ ဦးကို ရုရှားက ပြန်လွှတ်ပေးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပြီး ယူကရိန်း တပ်ဖွဲ့ဝင် ၁၄၀ ကို ရုရှားက လွှဲပြောင်းပေးခဲ့တယ်လို့ ယူကရိန်းသမ္မတရဲ့ စစ်ဦးစီးချုပ် အန်ဒရီ ယာမတ်ခ်က ပြောခဲ့ပါတယ်။

လွတ်လာတဲ့ ယူကရိန်း အမျိုးသား ၁၃၂ ဦးနဲ့ အမျိုးသမီး ၈ ဦးထဲက တချို့ဟာ ဒဏ်ရာ ရထားပြီး သူတို့ဟာ ပင်လယ်နက်ဆိပ်ကမ်းမြို့ မာရီအူပယ်နဲ့ မြွေကျွန်းတို့မှာ ခုခံကာကွယ်ဖို့ တိုက်ပွဲ ဝင်ခဲ့ကြတယ်လို့ ယာမတ်ခ်က သူ့ရဲ့ တယ်လီဂရမ် စာမျက်နှာမှာ ရေးသားထားပါတယ်။ 

ရုရှားနဲ့ ယူကရိန်းအစိုးရတို့ကြား ပိုကျယ်ပြန့်တဲ့ သံတမန်ရေးရာ ဆွေးနွေးပွဲတွေ အပြီးအပြတ် ပျက်ပြားသွားပေမဲ့ မကြာသေးမီလတွေအတွင်း ဖမ်းမိထားတဲ့ ရာနှင့်ချီတဲ့ စစ်သားတွေကို အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။

3 months Ago
Up