ရုရှား-ယူကရိန်း ပဋိပက္ခတွင် အမေရိကန်စွက်ဖက်မှု ပင်တဂွန်စစ်ဌာနချုပ် မှတ်တမ်းများ ပေါက်ကြား

အမေရိကန်ဟာ ရုရှား-ယူကရိန်း ပဋိပက္ခမှာ ဘယ်လောက် နက်နက်နဲနဲ စွက်ဖက်ခဲ့တယ်ဆိုတဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်မှတ်တမ်းတွေ ပေါက်ကြားလာတဲ့အကြောင်း The New York Times သတင်းစာက ဧပြီလ ၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။
မကြာသေးမီရက်တွေအတွင်း၊ ယူကရိန်းနဲ့ ပတ်သက်တဲ့ နေတိုးစစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို အမျိုးအစားခွဲထားပုံရတဲ့၊ ဖုန်းနဲ့ ကွန်ပြူတာ မျက်နှာပြင်ကို ဓာတ်ပုံရိုက်ထားတဲ့ စခရင်ရှော့ပုံတွေကို လူမှုမီဒီယာ အင်တာနက်စာမျက်နှာတွေ ပေါ်မှာ တွေ့ခဲ့တာပါ။
ဒီပစ္စည်းတွေထဲမှာ ယူကရိန်းစစ်တပ်အင်အားနဲ့ လက်နက်ဖွဲ့စည်းပုံတွေ၊ စစ်မြေပြင်မြေပုံတွေ၊ နှစ်ဖက်စလုံးက အသေအပျောက်စာရင်းတွေနဲ့ ထိပ်တန်းလျှို့ဝှက်မှတ်သားထားတဲ့ ထောက်လှမ်းရေး အချက်အလက်တွေ ပါပါတယ်။
မကြာသေးမီက တယောက်ယောက်ဟာ လျှို့ဝှက်စစ်ရေးဆိုင်ရာ စာရွက်စာတမ်း ၁၀၀ ကျော်ကို ဆိုရှယ်မီဒီယာ စာမျက်နှာအများအပြားမှာ တင်ခဲ့ပြီး အရှေ့အလယ်ပိုင်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေလည်း အင်တာနက် စာမျက်နှာတွေပေါ်မှာ ပေါ်ထွက်နေခဲ့တယ်လို့ ကြာသပတေးနေ့ထုတ် The New York Times သတင်းစာက ဖော်ပြခဲ့ပါတယ်။
ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေ မှန်ကန်ကြောင်း သက်သေပြနိုင်ရင် အမေရိကန်ဟာ ပဋိပက္ခမှာ ပိုပါလာနေပြီး အရင်ကသိထားတာထက် ယူကရိန်းထောက်လှမ်းရေးကို ပိုထောက်ပံ့ကူညီထားတယ်လို့ သတင်းစာက ဖော်ပြပါတယ်။
စာရွက်စာတမ်းတချို့ဟာ အသေးစိတ် တံဆိပ်တပ်ထားပြီး ရက်စွဲမတူတဲ့ စစ်မြေပြင်မြေပုံတွေရဲ့ ဓာတ်ပုံတွေပါ။ ဓာတ်ပုံတွေမှာ တပ်ထားတဲ့ အချိန်ဟာ ငါးပတ်လောက် ကြာမြင့်ပြီး နောက်ဆုံးရက်စွဲမှာ မတ်လ ၁ ရက်ဖြစ်ပါတယ်။