close

ရေနံပိုက်လိုင်း

close

March 4, 2023

နိုင်ဂျီးရီးယားတွင် Shell ကုမ္ပဏီပိုင် ရေနံပိုက်လိုင်း ပေါက်ကွဲပြီး လူ ၁၂ ဦးသေဆုံး

အာဖရိကရဲ့ အကြီးဆုံးရေနံလုပ်ငန်းလုပ်ကိုင်ရာအဓိကနယ်မြေတခုဖြစ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံ ရေးဗားစ်ပြည်နယ်ရှိ အီမိုဟွာမြို့မှာ Shell ကုမ္ပဏီက ပိုင်ဆိုင်တဲ့ နိုင်ဂျီးရီးယား ရေနံပိုက်လိုင်းဟာ မတ် ၃ ရက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် နောက်ထပ် လူတွေ ထပ်သေဆုံးမှာကို စိုးရိမ်နေကြပြီး Shell ရေနံဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ရေးဗားစ်ပြည်နယ်ရှိ ပိုက်လိုင်းမှာ မီးလောင်မှု ဖြစ်ခဲ့ကြောင်းနဲ့ မီးငြှိမ်းသတ်ဖို့အတွက် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောပါတယ်။

ပေါက်ကွဲမှုဟာ မနက်အစောကြီး ၄ နာရီခွဲမှာ ဖြစ်ပွားခဲ့ကြောင်း အီမိုဟွာနယ်မြေ အရပ်ဘက်ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူ ဂါရူဘ ယာဘူကူက ပြောပါတယ်။

ပိုက်လိုင်းကနေ လောင်နေတဲ့မီးဟာ စွံပလွန်တောရဲ့ဘေးစွန်းနားက မော်တော်ယာဉ် ၅ စီးကိုပါ လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။ 

ရေနံပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ အစိုးရဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှု စတင်မှာဖြစ်ကြောင်း ကုမ္ပဏီပြောခွင့်ရသူက ပြောပါတယ်။

နိုင်ဂျီးရီးယားတောင်ပိုင်း ရေနံထုတ်လုပ်ရေး ဗဟိုချက်မနေရာမှာ ရေနံခိုးယူမှုနဲ့ ပိုက်လိုင်း ဖောက်ခွဲမှုတို့ အဖြစ်များပါတယ်။  လောင်စာဆီ ခိုးယူရာမှာ အသုံးပြုတဲ့နည်းလမ်းတွေဟာ မကြာခဏ ဆိုသလို မီးလောင်မှု ဖြစ်ပွားစေတာပါ။  မနှစ် ဧပြီလကလည်း အလားတူ ဘေးအန္တရာယ်ကြောင့် လူ ၁၀၀ သေဆုံးခဲ့ရပါသေးတယ်။

15 hours Ago

February 25, 2023

အီကွေဒေါတွင် တံတားပြိုကျပြီး ရေနံပိုက်လိုင်းပိတ်

အီကွေဒေါနိုင်ငံ နာပိုပြည်နယ်မှာ တံတားတခုပြိုကျခဲ့လို့ ပိုက်လိုင်းတွေပါ ပိတ်သွားရတဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ် ကြုံခဲ့ရကြောင်း စွမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက်မှာ အီကွေဒေါရဲ့ ရေနံလုပ်ငန်းဟာ ၃ ပတ်အတွင်း ပုံမှန် ပြန်လည်ပတ်နိုင်မယ်လို့ အစိုးရက ဖေဖော်ဝါရီ ၂၄ ရက်မှာ ခန့်မှန်းထားပါတယ်။ 

နိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုအီကွေဒေါ နဲ့  ပုဂ္ဂလိက ပိုက်လိုင်းအော်ပရေတာ အိုစီပီ အီကွေဒေါ တို့ဟာ နာပိုပြည်နယ်က သူတို့ရဲ့လုပ်ငန်းခွင် ဘေးနားက ပြိုကျမှု ဖြစ်ပွားပြီးနောက်မှာ ကြိုတင် ကာကွယ်မှုအဖြစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ သူတို့ရဲ့သက်ဆိုင်ရာ ပိုက်လိုင်းတွေက လုပ်ငန်း ဆောင်ရွက်မှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်။ 

ကြိုတင်မသိရတဲ့ မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်လို့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ကြေညာ လိုက်ပါတယ်။ 

ရေနံစုပ်ခြင်းကို‌တော့ နောက်ခုနှစ်ရက်အတွင်း ပြန်စတင်နိုင်မယ်လို့ ပက်ထရိုအီကွေဒေါက ဖေဖော်ဝါရီ ၂၃ ရက် နှောင်းပိုင်းမှာ ခန့်မှန်းထားပါတယ်။ 

ပက်ထရိုအီကွေဒေါ မန်နေဂျာ မာရီယာ အဲလစ်ဆာ ဆိုလီဒစ်ပ်ဆာကတော့ ကုမ္ပဏီဟာ လက်ရှိကြုံတွေ့နေရတဲ့ အရေးပေါ်အခြေအနေတွေကို ဖြေရှင်းနိုင်စေဖို့ လမ်းကြောင်းသစ်တခု လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။ 

ပက်ထရိုအီကွေဒေါက အမေဇုန်ရှိ ရေနံတွင်းတွေကို ဖြည်းဖြည်းချင်း စပြီး ပိတ်ပစ်နေပြီဖြစ် ကြောင်းနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ဖို့ သိုလှောင်မှုကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နှောင်းပိုင်းက ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။ 

1 week Ago
Up