close

မြို့ပတ်ရထားပေါ် ရဲတပ်ဖွဲ့ဝင်များပစ်သတ်ခံရသည့်ဖြစ်စဉ်တွင်ပါဝင်သူ ၅ ဦး ဖမ်းမိဟု စစ်ကောင်စီ ထုတ်ပြန်

အင်းစိန်မြို့ပတ်ရထားပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်သတ်ပြီး  လက်နက်/ခဲယမ်းတွေယူသွားတဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တဲ့သူ ၅ ဦးကို ဖမ်းဆီးရမိတယ်လို့ စက်တင်ဘာ ၅ ရက်ထုတ် စစ်ကောင်စီ အာဘော်သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဩဂုတ် ၁၄ ရက်က ရန်ကုန်မြို့ပတ်ရထားပေါ်  အလုံဘူတာနဲ့ ပန်းလှိုင်အကြားမှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့  ရဲလုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး   ၁ ဦး ဒဏ်ရာရရှိကာ လက်နက် ၄ လက်နဲ့ ခဲယမ်းတချို့ပါသွားတာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်သမားတွေ အသုံးပြုခဲ့တဲ့ တက္ကစီယာဉ်မောင်းမှ တဆင့် ဆက်စပ်သူတွေကို စုံစမ်းရှာဖွေရာမှာ စက်တင်ဘာ ၃ ရက်မနက်က တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်နေ မသင်္ကာဖွယ် ၃ ဦး ဖြစ်တဲ့ ကျော်ဝင်းစိုး(ခ)ကျော်ကြီး(၃၃)နှစ် (ပခုက္ကူဇာတိ)၊ ကောင်းပြည့်စုံဦး(ခ) စိန်စိန်(ခ)ကတုံးမ(၂၇)နှစ် (မရမ်းကုန်း)၊ ဆန်းမင်းအောင်(၂၄)နှစ်၊ (ဒေးဒရဲ)တို့ကို တွေ့ရှိထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

သူတို့ရဲ့ထွက်ဆိုချက်တွေအရ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်မှာ ဆက်လက်သွားရောက်ရှာဖွေရာ မြတ်ဖြိုးပွင့်ကို တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ် (၂) အိတ်အတွင်း  ထည့်ထားတဲ့ လက်နက် ၄  လက်ကို တွေ့ရှိခဲ့ပြီး အဲဒီလက်နက်တွေဟာ မီးရထားရဲတပ်ဖွဲ့ဆီက ယူသွားတဲ့ လက်နက်တွေဖြစ်တယ်လို့  သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီသတင်းမှာ စွပ်စွဲဖော်ပြထားတာတွေဟာ မှန်ကန်မှုရှိမရှိကိုတော့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီအမှုနဲ့ပတ်သက်လို့ ဖြစ်စဉ်ပါ တိမ်းရှောင်နေသူတွေကို ဆက်လက်ဖမ်းဆီးရမိရေးနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီသတင်းစာမှာ ရေးပါတယ်။

ဩဂုတ် ၁၄ ရက်က ရန်ကုန်-အင်းစိန်ရထားပေါ်  ရဲတပ်ဖွဲ့ဝင် ၆ ဦး  သေနတ်နဲ့ ပစ်ခံရတဲ့ ဖြစ်စဉ်မှာ ဒုတပ်ကြပ် ဝင်းဇော်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်၊ တပ်သား ထိန်လင်းအောင်တို့ နေရာတွင်ဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသွားတဲ့  တပ်ကြပ် မြင့်ဌေးနဲ့ တပ်ကြပ် ကျော်ဇင်တို့ကို ဆေးရုံကို ပို့ဆောင်ကုသချိန် တစ်ဦးထပ်မံသေဆုံးသွားတာ  ဖြစ်ပါတယ်။

PHOTO-DSINFO

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up