close

ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအနီး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့  ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ် ၁ အနီးမှာ မြန်မာစံတော်ချိန် ည ၁၀ နာရီ မိနစ် ၂၀ လောက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ရဲတပ်ကြပ် ၁ ဦးနဲ့ ရဲတပ်သား ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပေါက်ကွဲသံ ကျယ်လောင်စွာကြားရပြီး နေအိမ်မှာပါ တုံခါမှု ဖြစ်ပွားခဲ့ကြောင်း၊ အခုလို ပေါက်ကွဲမှုမှုမျိုး တခါမှ မကြုံဖူးဘူးလို့ မြဝတီမြို့ခံတဦးက‌ ပြောပါတယ်။

“တော်တော်ကျယ်တယ်၊ တော်တော် အထိတ်တလန့်ပဲ၊ ဒီအသံမျိုးက တော်တော်ကြီးကြီးမားပဲ၊ နယ်စပ်မှာ ဒီအသံမျိုး မကြားဖူးဘူး။ တံတားထိပ်မှာ ဖြစ်တာပေါ့နော်၊ မီးတောက်ကြီး လင်းသွားပြီးတော့။ အိမ်တွေပျက်စီးတယ်၊ အဆောက်အဦတွေ ပျက်စီးတယ်” လို့ ပြောပါတယ်။

အခုလို ပေါက်ကွဲမှု အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် မြဝတီမြို့နေ ပြည်သူတွေဟာ လုံခြုံမှုမရှိသလို ခံစားနေကြရပြီး အကြောက်တရားနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး ဖောက်ခွဲမှုဟာ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတဖွဲ့ဖွဲ့က ပြုလုပ်တာ ဖြစ်နိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အဲဒီနေရာတဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ၁၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ မြန်မာ့အရေး စောင့်ကြည့်နေတဲ့ ထိုင်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့အပြောကို ကိုးကားပြီး ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။ 

ဟိုင်းလပ်ကား ၁ စီးနဲ့  လက်နက်ကိုင် ၁၀ ဦး တင်ဆောင်လာတာဖြစ်ပြီး ပစ်ခတ်ပြီးတဲ့နောက် မြဝတီမြို့တောင်ဘက်အရပ်ကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ AEC အာစီယံထိုင်းသတင်းမှာတော့ ပေါက်ကွဲမှုကြောင့် သေဆုံးမှုတွေရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့နဲ့ မီးသတ်ကားတွေ လာရောက်နယ်မြေရှင်းလင်းပြီး  လဝကရုံးအနီး လူသွားလမ်းနံဘေးမှာ မီးလောင်ထားတဲ့ကား ၁ စီးကို တွေ့ရကြောင်း၊ အဆိုပါကားဟာ ဖောက်ခွဲမှုအတွက် အသုံးပြုခဲ့တဲ့ ကားဖြစ်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီး ရောင်းဝယ်ဖောက်ကား စီးပွားရေးအချက်အချာကျတဲ့နေရာဖြစ်ကြောင်း၊ ၄ ထပ်တိုက်ခန်းတွဲ အပါအဝင် ဈေး ဆိုင်တန်းတွေ၊ တိုက်ခန်းနဲ့ လူနေအိမ်တွေ ပျက်စီးပြီး မော်တော်ကားအနည်းဆုံး ၂ စီးမီးလောင်တယ်လို့  MGR Online  သတင်းမှာ ဖော်ပြပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက ထုတ်ပြန်ခြင်းမရှိသေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့လက်ချက်ဖြစ်တယ်ဆိုတာ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up