close

ရွှေ့ပြောင်းအခြေချသူ

close

April 21, 2023

စပိန်ကမ်းခြေစောင့်သင်္ဘောက ရွှေ့ပြောင်းအခြေချသူ ၅၇ ဦးကို ကယ်တင်

စပိန်နိုင်ငံရဲ့ ကမ်းခြေစောင့်သင်္ဘောတစ်စင်းဟာ အတ္တလန္တိတ်ပင်လယ်ပြင်မှာ ရွှေ့ပြောင်းအခြေချသူပေါင်း ၅၇ ဦးကို ကယ်တင်ခဲ့ပြီး ဧပြီ ၂၀ ရက်က ဂရန်ကာနာရီယာကျွန်းရဲ့ အာဂင်နက်ဂင်းဆိမ်းကမ်းကို ရောက်ရှိလာပါတယ်။

အရွယ်မရောက်သေးသူ ၅ ဦး ပါဝင်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအုပ်စုဟာ သစ်သားလှေတစ်စင်းနဲ့အတူ ပင်လယ်ပြင်ကို ဖြတ်ကျော်လာရင်း ဂရန်ကာနာရီယာကျွန်းရဲ့ တောင်ဘက် ၄ မိုင်အကွာမှာ  ရှာဖွေ့တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ 

နှစ်စဉ်နှစ်တိုင်း မြောက်အာဖရိကဒေသက ထောင်ပေါင်းများစွာသော လူတွေဟာ ပိုမိုကောင်းမွန်တဲ့ဘဝတစ်ခုအတွက် ဥရောပတိုက်ကို ထွက်ခွာလာခဲ့ကြတာ ဖြစ်ပါတယ်။ 

ဧပြီ ၁၅ ရက်နေ့အထိ ရွှေ့ပြောင်းအခြေချသူ စုစုပေါင်း ၂,၃၅၆ ဦးဟာ ကာနာရီကျွန်းတွေရှိရာကို လှေတွေနဲ့ ဖြတ်သန်းလာခဲ့ကြပြီး ဒါဟာ ၂၀၂၂ ခုနှစ်ရဲ့ အလားတူကာလတုန်းကထက် ၆၂ ဒသမ ၆ ရာခိုင်နှုန်းလျော့နည်းသွားတာ ဖြစ်တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မနှစ်တုန်းက ကာနာရီကျွန်းတွေကို ရွှေ့ပြောင်းအခြေချသူပေါင်း ၁၅,၆၈၂ ဦးအထိ ရောက်လာခဲ့ကြတာ ဖြစ်ပြီး ဒီလိုများပြားတဲ့ ပမာဏဟာ ၂၀၂၁ ခုနှစ်တုန်းကထက် ၂၉ ဒသမ ၇ ရာခိုင်နှုန်း လျော့နည်းနေသေးတာ ဖြစ်ပါတယ်။

3 hours Ago

April 7, 2023

ရွှေ့ပြောင်းအခြေချသူ ၅၀၀ ကို နေရာချပေးရန် ယူကေအစိုးရက သင်္ဘောကြီး ၁ စင်း ငှားရမ်း

ဗြိတိန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းတနေရာမှာ ရွှေ့ပြောင်းအခြေချသူ အယောက် ၅၀၀ ကို နေရာချပေးဖို့အတွက် ဝမ်းပြားသင်္ဘောကြီးတစင်းကို ငှားရမ်းခဲ့တယ်လို့ ဧပြီ ၅ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ယူကေအစိုးရက ပြောပါတယ်။

ဒါဟာ ခိုလှုံခွင့်တောင်းခံမှုတွေအပေါ် စိစစ်နေစဉ်မှာ ယာယီနေထိုင်နိုင်ဖို့အတွက် ကုန်ကျစရိတ်များပြားတဲ့ ဟိုတယ်တွေအပေါ် အသုံးပြုမှုလျှော့ချရေး ကြိုးပမ်းချက် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ဘစ်ဘီ စတော့ခ်ဟုမ်း အမည်ရ သင်္ဘောကြီးဟာ ဒေါဆတ်ကောင်တီမှာရှိတဲ့ ပေါ့တ်လန်းဆိပ်ကမ်းမှာ ဆိုက်ကပ်မှာဖြစ်ပြီး အရွယ်ရောက်ပြီးသား လူလွတ် အမျိုးသား အယောက် ၅၀၀ ကို အဲ့ဒီမှာ နေရာချထားမှာဖြစ်တယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားပါတယ်။

ဒီရေယာဉ်ကြီးပေါ်မှာ အခြေခံကျပြီး လက်တွေ့ဆန်တဲ့ နေရာထိုင်ခင်းအပြင် အစားအသောက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပါ ထောက်ပံ့ပေးမှာဖြစ်သလို လုံခြုံရေးတွေလည်း ပါဝင်မှာဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။

ဒီသင်္ဘောပိုင်ရှင်ကုမ္ပဏီရဲ့ အဆိုအရ ဘား၊ စားသောက်ဆိုင်နဲ့ ဂိမ်းတွေ ဆော့ကစားနိုင်မယ့် အခန်း အပါအဝင် အိပ်ခန်းပေါင်း ၂၂၂ ခန်း ပါဝင်တယ်လို့ သိရပါတယ်။

လာမယ့်လအတွင်း ရွှေ့ပြောင်းအခြေချသူတွေကို ဒီသင်္ဘောကြီးပေါ်မှာ ပြောင်းရွှေ့ထားမှာ ဖြစ်သလို အနည်းဆုံး ၁၈ လကြာ လည်ပတ်နိုင်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

တခြားဆိပ်ကမ်းတွေမှာလည်း နောက်ထပ် သင်္ဘောကြီးတွေကို ဒီလို အသုံးပြုနိုင်ဖို့အတွက် ဆွေးနွေးနေတယ်ဆိုပြီး ဖြည့်စွက်ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်ကတော့ လာမယ့်နှစ် ရွေးကောက်ပွဲမတိုင်ခင် သူ့ရဲ့  ထိပ်တန်းဦးစားပေး ကိစ္စရပ်တွေထဲက တခုဖြစ်တဲ့ တရားမဝင် ရွှေ့ပြောင်းအခြေချမှုအပေါ် နှိမ်နင်းဖို့ လုပ်ဆောင်ခဲ့သလို အင်္ဂလိပ်ရေလက်ကြားကို လှေငယ်တွေနဲ့အတူ ဖြတ်ကျော်ရောက်ရှိလာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေ ဝင်ရောက်လာမှုအပေါ်မှာလည်း ဟန့်တားနိုင်ရေး အစီအစဉ်တွေကိုပါ ချမှတ်ခဲ့ပါတယ်။

2 weeks Ago
Up