လက်စတာဂိုးသမား ရှမိုက်ကယ်ဟာ ပြင်သစ်ကလပ် နိစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၃၅ နှစ်ရှိ ဒိန်းမတ်ဂိုးသမားဟာ လာမယ့် ၄၈ နာရီအတွင်းမှာ နိစ်အသင်းနဲ့ ဆေးစစ်မှုခံယူမှာဖြစ်ပြီး နည်းပြ ဘရန်ဒန်ရော်ဂျာကလည်း အရိပ်အမြွက် ပြောထားပါတယ်။
ရှမိုက်ကယ်ဟာ လက်စတာအသင်းနဲ့အတူ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ၁၁ နှစ်ကြာ ပါဝင်ကစားခဲ့ပါတယ်။
ရှမိုက်ကယ်ဟာ နှစ်ပေါင်းများစွာ လက်စွမ်းပြခဲ့ပြီး မိမိနည်းပြဘဝအချိန်တွေမှာလည်း ခမ်းနားတဲ့ကစားသမား ဖြစ်ခဲ့ကြောင်း၊ ဘယ်လိုအပြောင်းအလဲတွေပဲရှိရှိ အသင်းတိုးတက်အောင်မြင်ဖို့အတွက် ရှေ့ဆက်သွားရမှာဖြစ်ကြောင်း လက်စတာနည်းပြ ရော်ဂျာက ပြောပါတယ်။
ဒါ့အပြင် နိစ်အသင်းကခေါ်ယူဖို့ စိတ်ဝင်စားနေတာကိုလည်း နည်းပြ ရော်ဂျာက အတည်ပြုခဲ့ပြီး ကတ်စ်ပါဟာ သူ့ရဲ့ကစားသမားဘဝအတွက် ရွေးချယ်ခွင့်ရှိကြောင်း ပြောသွားပါတယ်။
မန်ယူအသင်းမှာ လုပ်ဆောင်ရမယ့်အရာတွေ အများကြီး ရှိသေးကြောင်း ဂိုးသမားဟောင်း ရှမိုက်ကယ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ လာမယ့်ရာသီအတွက် အိုင်းယက်စ်နည်းပြ တန်ဟတ်ချ်ကို ခန့်အပ်ထားပါတယ်။ နည်းပြသစ် ခန့်အပ်မှုက ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိနေတာ မှန်ကန်ပေမဲ့ တခြားလုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိသေးတယ်လို့ ရှမိုက်ကယ်က သုံးသပ်ခဲ့တာပါ။
“ဘောလုံးဌာန တခုလုံးကို ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်။ ဘယ်အရာတွေကို ပြောင်းလဲဖို့ လိုအပ်သလဲဆိုတော့ အကုန်လုံးနီးပါးပါပဲ။ အားလုံးကို ပြန်လည်စဉ်းစားဖို့ လိုလိမ့်မယ်။ နည်းပြသစ်အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်တည်ဆောက်နေတဲ့အဆင့်မှာ နည်းပြက ကူညီနိုင်မယ်လို့လည်း မျှော်လင့်တယ်” လို့ ရှမိုက်ကယ်က ပြောသွားပါတယ်။
ဟော်လန်နည်းပြ တန်ဟတ်ချ်ဟာ ယူနိုက်တက်နဲ့ ၃ နှစ်စာချုပ် ချုပ်ထားပြီး ရာသီပြီးဆုံးတာနဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ အသင်းကို စတင်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။