close

လူ ၂၀၀

close

May 6, 2023

ကွန်ဂို ရေကြီးရေလျှံမှုအတွင်း လူ ၂၀၀ ကျော် သေဆုံး

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် မေ ၅ ရက်က အနည်းဆုံး လူ ၂၀၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။ 

တောင်ပိုင်း ကီဗူးပြည်နယ်ရှိ ကာလီဟီနယ်မြေမှာ မိုးရွာသွန်းမှုကြောင့် မေ ၄ ရက်မှာ မြစ်ရေလျှံခဲ့ပြီး  ဘူရှူရှူ နဲ့ ညာမူကူဘီ ကျေးရွာတွေ ရေနစ်မြုပ်ခဲ့ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ပြီး အကူအညီပေးရေး ဝန်ထမ်းတွေဟာ ရွှံ့နွံတွေဖုံးနေတဲ့ အလောင်းတွေ အစုအဝေးကို ဆွဲထုတ်စုပုံနေကြပါတယ်။

ကြက်ခြေနီဝန်ထမ်းတွေလည်း အများအပြား အဝတ်အစားတွေ မပါတော့ပဲ အညစ်အကြေးတွေ ဖုံးလွှမ်းနေတဲ့ အလောင်းတွေကို တခုပေါ်တခု ဆင့်ပြီး တင်ထားကြပါတယ်။ 

အလောင်းပေါင်း ၂၂၇ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း ဒေသခံအရပ်ဘက် အဖွဲ့အစည်းတစ်ခုမှ ကာဆိုလီ မာတင် က ပြောကြားပါတယ်။

“လူတွေက အကာအကွယ်မရှိတဲ့ ဟင်းလင်းနေရာမှာ ထွက်အိပ်နေကြပြီး ကျောင်းတွေနဲ့ ဆေးရုံတွေလည်း မျောပါသွားတယ်”လို့ မာတင်က ဆိုပါတယ်။ 

ရေကြီးရေလျှံမှုအတွင်း ဒဏ်ရာရရှိသူ ဒါဇင်ပေါင်းများစွာကို ဒေသတွင်းဆေးရုံမှာ ကုသပေး နေတာပါ။ 

ဒဏ်ရာရသူများကို စနစ်တကျကုသရန် ဆေးဝါးနှင့် ကိရိယာအလုံအလောက်မရှိဘူးလို့ ကာဟီလီ နယ်မြေက ပင်မဆေးရုံကြီးမှ ဒေါက်တာ နော်ဘတ် ဝလန်ဂူလူ က ပြောပါတယ်။ 

တောင်ပိုင်း ကီဗူးပြည်နယ်မှာ ရေကြီးခြင်းနဲ့ မြေပြိုခြင်းတို့က အဆန်းတကြယ်ကိစ္စ မဟုတ်တော့ ဘဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံတွေမှာ သူတို့ချစ်ရသူတွေနဲ့ နေအိမ်ဥစ္စာ ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးရတာလည်း ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ 

တောင်ပိုင်းကီဗူးပြည်နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရဝမ်ဒါနိုင်ငံမှာလည်း အခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၃၀ သေဆုံးကာ အိမ်ခြေ ၅၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။  

16 hours Ago

January 22, 2023

ပီရူးတက္ကသိုလ်တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး လူ ၂၀၀ ကျော်ကို ဖမ်းဆီး

ပီရူးနိုင်ငံ မြို့တော်လီမာရှိ တက္ကသိုလ်တခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ ပိုင်နက် ကျူးကျော်မှုနဲ့ ခိုးမှုဆိုင်ရာ စွဲချက်တွေအရ လူဦးရေ ၂၀၀ ကျော်ကို ဇန်နဝါရီ ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ဒီအန်ဒီယန်းအဖွဲ့ဝင်နိုင်ငံဟာ ပြင်းထန်တဲ့ဆန္ဒပြပွဲတွေကြောင့် မငြိမ်မသက် ဖြစ်နေခဲ့တာပါ။ 

ရှေ့နေချုပ်ရဲ့ ရာဇဝတ်မှုကာကွယ်ရေးအဖွဲ့ ညှိနှိုင်းရေးမှူး အယ်လ်ဖွန်ဆို ဘဲရန်နေချေးက ရဲတပ်ဖွဲ့ အနေနဲ့ ဆန်မားကို့စ် အမျိုးသားတက္ကသိုလ်မှာ လူပေါင်း ၂၀၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် မြို့တော်လီမာမှာရှိတဲ့ စင်တာအသီးအသီးကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်ဆိုပြီး ပြည်တွင်း ရေဒီယိုဌာန RPP ကိုပြောပါတယ်။ 

ဗွီဒီယိုထဲမှာလည်း ပီရူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေ တက္ကသိုလ်ထဲဝင်ရောက်လာနိုင်ဖို့အတွက် တင့်ကားတစ်စီးက ဂိတ်ပေါက်ကို ဖြိုချလာတာ တွေ့ရသလို ဖမ်းဆီးထိန်းသိမ်းခံရသူတွေကိုလည်း ရဲတပ်ဖွဲ့က အစောင့်အကြပ်နဲ့ ဘတ်စ်ကားတွေဆီ ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

တက္ကသိုလ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ မျက်နာတွေဖုံးထားတဲ့ ဆန္ဒပြလူတစုဟာ ဇန်နဝါရီ ၂၀ ရက်က ကျောင်းဝင်းထဲကို အတင်းဝင်ရောက်လာကြပြီး လုံခြုံရေးဝန်ထမ်းတွေရဲ့ အကာအကွယ် အင်္ကျီနဲ့ အခြားပစ္စည်းကိရိယာတွေကို ယူဆောင်ပြီးနောက် အဲ့ဒီဝန်ထမ်းတွေကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီ အန်ဒီယန်းအဖွဲ့ဝင်နိုင်ငံမှာ ဆက်လက်ဖြစ်ပွားလျက်ရှိနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ အဓိကရုဏ်းတွေကြား လူ ၄၆ ဦးအထိ သေဆုံးခဲ့သလို လူ ၉ ဦးကတော့ ဒီဆန္ဒပြတောင်းဆိုမှုဆိုင်ရာ မတော်တဆဖြစ်ရပ်တွေကြောင့် သေဆုံးခဲ့တာပါ။

အောက်လွှတ်တော်ကို  တရားမဝင်ဖျက်သိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ လက်ဝဲယိမ်းသမ္မတဟောင်း ပီဒရို ကတ်စတီလို စွပ်စွဲပြစ်တင်မှုဆိုင်ရာစွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလက ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီးနောက် အခု လို လူထုအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့တာပါ။ 

လက်ရှိဆန္ဒပြပွဲတွေမှာလည်း သမ္မတဟောင်းလွတ်မြောက်ရေးအတွက်ကိုပါ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ 

3 months Ago
Up